အမျိုးသားနေ့သတ်မှတ်ရေးကိစ္စသည် နယ်ချဲ့အင်္ဂလိပ်၏ ဩဇာအာဏာကို ပထမဆုံးတော်လှန်ပုန်ကန်သည့် ၁၉၂၀ ပြည့်နှစ် ကောလိပ်သပိတ်အပြီး နောက်တစ်နှစ်တွင်မှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်ကြီးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကွန်ဖရင့်သည် ဂျီစီဘီအေသမိုင်းတွင် အကြီးကျယ်အခမ်းနားနှင့် အစည်ကားဆုံးဖြစ်ကြောင်း မှတ်သားရသည်။
အဆိုပါ
ကွန်ဖရင့်ကြီးတွင် အမျိုးသားနေ့သတ်မှတ်ရေးဆွေးနွေးကြသောအခါ သူရိယသတင်းစာ
ဦးတုတ်ကြီးက သီပေါဘုရင်နန်းကျသောနေ့ကိုလည်းကောင်း၊ ပျဉ်းမနား၊ အေလာဦးဒွေးက ဦးဥတ္တမ
ထောင်ကျသောနေ့ကိုလည်းကောင်း သတ်မှတ်ရန်အကြံပြုကြရာ ဂျဒ်ဆင်ကောလိပ်မှ ဦးမြင့်က
နန်းကျသောနေ့၊ ထောင်ကျသောနေ့တို့သည် မင်္ဂလာမရှိ၊ အမင်္ဂလာဖြစ်သည်။
တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ခြင်းသည် အင်္ဂလိပ်ဩဇာအာဏာကို
ပထမဆုံးတော်လှန်ပုန်ကန်ခြင်းဖြစ်ပြီး အကျကိစ္စမဟုတ်၊ အတက်ကိစ္စဖြစ်သည်။ တစ်နိုင်ငံလုံး
နိုးကြားထကြွသတိရလာကြပြီး ဝံသာနုရက္ခိတတရားထွန်းကားလာသည်။ ထိုအကျိုးအကြောင်းတရားများကို
ထောက်ထားဆင်ခြင်ကြပြီး ကျောင်းသားများ သပိတ်မှောက်သောနေ့ကို
အမျိုးသားနေ့အဖြစ်သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာမှ အမျိုးသားနေ့ ပေါ်ပေါက်လာခြင်းဖြစ်သည်။
၁၉၂၀
ပြည့်နှစ်တွင် စတင်ခဲ့သည့် တစ်နိုင်ငံလုံးတစ်စည်းတစ်လုံးတည်းသော
နိုင်ငံရေးနိုးကြားမှုသည် နယ်ချဲ့ဆန့်ကျင်ရေး တောင်သူလယ်သမားအရေးတော်ပုံ၊ တို့ဗမာအစည်းအရုံး
လှုပ်ရှားမှုများ၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊
အမျိုးသားလွတ်လပ်ရေး နောက်ဆုံးတိုက်ပွဲများဆီသို့ ဆက်လက်၍
အရှိန်အဟုန်မြှင့်တင်ပေးနိုင်ခဲ့ရာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်
(၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်) ပထမကျောင်းသားသပိတ်ကြီး ပေါ်ထွက်လာသောနေ့သည်
သာမန်အမျိုးသားနေ့မဟုတ်ဘဲ အမျိုးသားအောင်ပွဲနေ့ဟု ဆိုအပ်သည်။
ယင်းအမျိုးသားအောင်ပွဲနေ့သည် ယခုနှစ်တွင် (၁၀၄) နှစ် ပြည့်မြောက်သည့်
အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၂၀၂၄
ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ကို “တိုင်းရင်းသားများအကြား
အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင်
ဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာပြည့်ဝသော ပညာတတ်များ
ပေါများရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးတွင်
တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပံ့ပိုးရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စာရေရိက္ခာဖူလုံရေးအတွက်
ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်များဖြင့်
ကျင်းပသွားမည်ဖြစ်သည်။ ယင်းဦးတည်ချက်များသည် မိမိတို့နိုင်ငံတွင်
ပစ္စုပ္ပန်ကာလဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ကိုက်ညီပြီး
နိုင်ငံသူနိုင်ငံသားအားလုံးက မိမိတို့ကျရာကဏ္ဍများမှ တာဝန်ကိုယ်စီကျေပွန်စွာ ဆောင်ရွက်ကြရမှာဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း
၁၀၀ ကျော်ကာလ နယ်ချဲ့အစိုးရ၏ လက်အောက်ခံလူမျိုးများအဖြစ် ဖိနှိပ်ခံခဲ့ရသည့်
မိမိတို့၏ ဘိုးဘွားများသည် နိုးကြားတက်ကြွသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် တစ်ခဲနက်ညီညွတ်စွာစည်းလုံးစုရုံးခဲ့ကြပြီး
နယ်ချဲ့ကို ပထမဆုံးအကြိမ်အဖြစ် ဆန့်ကျင်ဖီဆန်တွန်းလှန်ခဲ့ကြသည်။ စည်းလုံးညီညွတ်မှုသည်
အင်အားကိုဖြစ်စေပြီး အောင်ပွဲဆီသို့ မလွဲမသွေရောက်ရှိစေသည်ကိုလည်း
သက်သေပြခဲ့ကြသည်။ ယနေ့ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား၊
အမျိုးသားစည်းလုံးညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ ပြည်ထောင်စုနိုင်ငံတော်ကြီးတစ်ခုလုံး
ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့သည် နိုင်ငံတော်၏
ပကတိလိုအပ်ချက်ဖြစ်သကဲ့သို့ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့်
နိုင်ငံသူနိုင်ငံသားအားလုံး၏ စစ်မှန်သောဆန္ဒပင်ဖြစ်ပေရာ ယနေ့တွင်ကျရောက်သည့် (၁၀၄)
နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များအတိုင်း တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအားဖြင့်
ဖော်ဆောင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment