Monday, November 25, 2024

အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံငြိမ်းချမ်းသာယာဝပြောရေးကြိုးပမ်း


 

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့)သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများ သပိတ်မှောက်သောနေ့ဖြစ်သည်။ ထိုနေ့တွင် အင်္ဂလိပ်ဗျူရိုကရက်တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအပေါ် ဖိနှိပ်ချုပ်ချယ်ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သည်။ ထိုနေ့ကို မြန်မာတစ်နိုင်ငံလုံးက အမျိုးသားနေ့ဟု အသိအမှတ်ပြုပြီး ၁၉၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ထိုနေ့ရောက်တိုင်း အမျိုးသားအောင်ပွဲ ပွဲလမ်းသဘင်များ ကျင်းပခဲ့ကြသည်။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်မှအစပြု၍ အမျိုးသားကျောင်းများ ပေါ်ထွန်းလာခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် အကျိုးရလဒ်များ ပေါ်ထွက်လာခဲ့သည်။ မြန်မာတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မီးခဲပြာဖုံးမျိုးချစ်စိတ်ဓာတ်များ ပျံ့နှံ့လာသည်။ မြန်မာတိုင်းရင်းသားတို့ နိုင်ငံရေးနိုးကြားမှု မြင့်မားတိုးတက်လာခဲ့သည်။ နယ်ချဲ့အစိုးရပြုသမျှကို ခေါင်းငုံ့မခံတော့ဘဲ လွတ်လပ်ပွင့်လင်းစွာ ပြုမူလာကြသည်။ မြန်မာနိုင်ငံ ကျွန်ဘဝမှလွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်နှင့် အားမာန်များ နိုးကြားထက်သန်လာခဲ့သည်။

၁၉၂၂ ခုနှစ်မှစတင်၍ နယ်ချဲ့တို့၏ ဖိနှိပ်ချုပ်ချယ်ဟန့်တားပိတ်ပင်မှုများကို အန်တု၍ အမျိုးသားလှုပ်ရှားမှု အောင်ပွဲသဘင်များကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသောအခါတွင်လည်း မြန်မာတိုင်းရင်းသားများ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်လာမှုများကို အလေးအနက်ဂုဏ်ပြု သောအားဖြင့်လည်းကောင်း၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်များ အစဉ်ရှင်သန်ထက်သန်နေစေရန်အတွက်လည်းကောင်း အမျိုးသားနေ့ကျရောက်သည့် နှစ်စဉ်နှစ်တိုင်း အခါသမယတွင် အမျိုးသားအောင်ပွဲသဘင်ဆင်နွှဲ ကျင်းပလာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

အမျိုးသားနေ့မှ စတင်သန္ဓေတည်လာခဲ့သည့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်နိုးကြားရှင်သန်မှုများသည် မြန်မာနိုင်ငံတိုင်းတစ်ပါးကျွန်ဘဝမှ လွတ်မြောက်ရေး၊ လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပေါ်ထွန်းလာရေးကို အကြောင်းခံသကဲ့သို့ လွတ်လပ်ပြီးကာလတွင်လည်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ဆုံးရှုံးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ထားနိုင်မည့် အမျိုးသားရေးစိတ်ဓာတ်များ တစ်မျိုးသားလုံးတွင် အစဉ်နိုးကြား ထက်သန်နေစေရန် ကြိုးပမ်းနေကြရမည်ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်ပါက တစုတစည်းတည်း တည်တံ့ဖြစ်ထွန်းနေသည့် ပြည်ထောင်စုကြီးပျက်စီးသွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားနေရန် အထူးလိုအပ်နေသည်။ အင်အားကြီးနိုင်ငံများသည် ၎င်းတို့အလိုကျ မလိုက်ပါသည့် နိုင်ငံငယ်များအပေါ်တွင် သွယ်ဝိုက်သော နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်စွက်ဖက်မြှောက်ပင့်အားပေး လုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံငယ်များရှိ လူမျိုးများကြားတွင် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးမြှောက်ပင့်ပေးပြီး နိုင်ငံပြိုကွဲပျက်စီးအောင် ပြုလုပ်လာကြသည်။ ထို့ကြောင့် ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ်ကို ခုခံကာကွယ်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရန် အထူးလိုအပ်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားရှင်သန်ကြီးထွားလာအောင် ကြိုးပမ်းအားထုတ်ရမည့် အချိန်အခါဖြစ်ပါသည်။

ယနေ့ကာလတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အားငယ်သည့် နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး စသည့်အကြောင်း အမျိုးမျိုးပြ၍ ဝင်ရောက်စွက်ဖက်မှုများ၊ ပြည်တွင်း ပြည်ပ နယ်မြေပိုင်ဆိုင်မှုပဋိပက္ခများ၊ ပြည်တွင်းရေးမငြိမ်သက်မှုများ စသည်တို့ကို ထောက်ရှုသင်ခန်းစာယူ၍ မိမိနိုင်ငံစည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးစိတ်ဓာတ် ထက်သန်ခိုင်မာရှင်သန်နေရေးတို့ကို အထူးအလေးထားဆောင်ရွက်ရမည့်အချိန်အခါဖြစ်သည်။ ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံးညီညွတ်စို့” ဆောင်ပုဒ်ကို ချမှတ်ထားသည်။ ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုကြီးအကျိုးအတွက် တစ်မျိုးသားလုံးညီညွတ်ဖို့ ကြိုးပမ်းကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်တွင်းအင်အားများ နိုးကြားရှင်သန်ထက်သန်နေအောင် အစဉ်နှိုးဆော်တိုက်တွန်းအသိပေးဆောင်ရွက်ပြီး ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ အကောင်အထည်ပေါ်လာရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ကြကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အေးချမ်းသာယာဝပြောလာအောင် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။        

No comments:

Post a Comment