Friday, November 22, 2024

၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

နေပြည်တော် နိုဝင်ဘာ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ၊ စာပေပညာရှင် ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင် ဆရာကြီး ဒေါက်တာကျော်ဝင်း (သမိုင်း) နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့အား ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း‌ ကြေညာသည်။

ထိုနည်းတူ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ကြည်မင်းဝေရေးသားသည့် စစ်သူကြီး မဟာမင်းထင်နော်ရထာစာအုပ် (ဖိုးဝစာပေတိုက်)၊ ဝတ္ထုတိုဆုတွင် မနှင်းဖွေး ရေးသားသည့် လောကပြတင်းမဂ္ဂဇင်းဝတ္ထုများ စာအုပ် (လင်းလွန်းခင်စာပေတိုက်)၊ ကဗျာ (ဂန္ထဝင်) ဆုတွင် စဆနိုင်ရေးသားသည့် အမေ ပေးသော ကဗျာများစာအုပ် (စာပေဗိမာန်)၊ စာပဒေသာဆုတွင် မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမေ့အပြုံးနှင့် အဖေ့မျက်ရည်စာအုပ် (မြဝတီစာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆု တွင် ဉာဏ်လင်းတင့် ရေးသားသည့် ပျောက်ကွယ်ခဲ့သော တော်ဝင်ကျွန်းဘုန်းကြီးကျောင်းများ စာအုပ် (ဦးသန်းမြင့်စာပေတိုက်)၊ ကလေးစာပေဆုတွင် ပုလောစိုးနံ့သာရေးသားသည့် စက္ကူလေယာဉ်ပျံ ကလေးကဗျာများစာအုပ် (မေတ္တာရိပ်နန်းစာပေတိုက်)၊ လူငယ်စာပေဆုတွင် ကပ္ပတိန်သာစိန် ရေးသားသည့် ဘဝခရီးသွားလူငယ်များသို့စာအုပ် (ငွေကောင်းကင်စာအုပ်တိုက်)၊ ဘာသာပြန် (သုတ) ဆုတွင် မင်းအောင်မင်း ရေးသားသည့် မှေးမှိန်လာသော အမေရိကန်ရာစုနှစ် (ယဉ်မျိုးစာပေ တိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ပျံချီရေးသားသည့် ပျူနိုင်ငံတော်နှင့် အခြားသမိုင်းဆောင်းပါးများစာအုပ် (ပပဝင်းစာပေတိုက်)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ)ဆုတွင် ပါမောက္ခကိုကိုအောင် ရေးသားသည့် နျူကလီးယားစွမ်းအင်နှင့် လူသားအကျိုးပြုလုပ်ငန်းများ စာအုပ် (စွယ်စုံစာပေတိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင် ဒေါက်တာတင်ထွန်းဦး ရေးသားသည့် ဇရာကို ရင်ဆိုင်ခြင်း အနုပညာစာအုပ် (ဦးမျိုးဆင့်စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် နေဇင်လတ်ရေးသားသည့် အတွေးအမြင်စာအုပ် (မြဝတီစာပေတိုက်)၊ အင်္ဂလိပ်ဘာသာ (သုတ) ဆုတွင် Terence Tan ရေးသားသည့် Ancient Beads and Jewellery of Myanmar စာအုပ် (DUYA SARPAY စာပေတိုက်)၊ ရသစာတမ်း (အက်ဆေး) ဆုတွင် နေမျိုး ရေးသားသည့် မိုးဘိုင်စကုတ် စာအုပ် (ငါတို့စာပေတိုက်)၊ ရည်ညွှန်းစာပေဆုတွင် သုတေသီမောင်မောင် ရေးသားသည့် မဟာဂီတပေါင်းချုပ် စွယ်စုံကျမ်းစာအုပ် (လမင်းလေးစာပေတိုက်) တို့ကို ရွေးချယ်ကြောင်း ကြေညာသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ်သိန်း ၃ဝ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမ အဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဆုရ‌ရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁၈-၂၄ဝဝ၄၈ နှင့် စီမံရေးရာ တယ်လီဖုန်းအမှတ် ဝ၁၈-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန် နှင့် (၅x၈) လက်မ‌ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်‌ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် အချိန်နှင့် နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်

No comments:

Post a Comment