Friday, November 22, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ရွှေတွဲလဲ ငွေတွဲလဲ ဘယ်အသင်းဗိုလ်စွဲမလဲ



အားကစားပရိသတ်တစ်ဦး

အားကစားလောက၊ အားကစားနယ်ပယ်တွင် အောင်မြင်မှုအတိုင်းအတာကို ဆုတံဆိပ်၊ စံချိန်စံညွှန်းများဖြင့်သာ အကဲဖြတ်လေ့ရှိသည်။ ပြိုင်ပွဲအဆင့်အတန်းအပေါ် မူတည်၍ ဆုတံဆိပ်တန်ဖိုး၊ ဂုဏ်သိက္ခာများကလည်း ကွဲပြားခြားနားမှုရှိလေသည်။

သို့ရာတွင် အားကစားပြိုင်ပွဲများ၏ သဘောသဘာဝအတိုင်း မည်သည့်ပြိုင်ပွဲမဆို အောင်မြင်မှုသရဖူ ဆုတံဆိပ်များကို ရယူဆွတ်ခူးနိုင်ရန်မှာမူ မလွယ်ကူလှချေ။ အနီးစပ်ဆုံးသာဓကအဖြစ် ကမ္ဘာကျော် ဘောလုံးသမားအများစုသည်ပင်လျှင် အထင်ကရပြိုင်ပွဲများတွင် ကလပ်အသင်းအောင်မြင်မှုနှင့် နိုင်ငံ့လက်ရွေးစင် အသင်းအောင်မြင်မှုနှစ်ခုစလုံးကို ပြိုင်တူရယူဆွတ်ခူးနိုင်ရန် ခက်ခဲလှသည်။

ဘရာဇီး ဘောလုံးအသင်းမှ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီနှင့် ရော်နယ်ဒိုတို့ဆိုလျှင် နိုင်ငံ့လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများတွင် ချန်ပီယံအဖြစ် အောင်မြင်မှုများ ရယူဆွတ်ခူးနိုင်ခဲ့ကြသော်လည်း ကလပ်အသင်းအဆင့်တွင် အဆင့်အမြင့်ဆုံး ဥရောပချန်ပီယံဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ကြချေ။ ပီလီက ကစားသမားဘဝ အတောက်ပဆုံးကာလတစ်လျှောက်လုံး မိခင်နိုင်ငံက ဆန်တို့စ်ကလပ်အသင်းနှင့် ကစားသမားဘဝပြီးဆုံးခါနီး အမေရိကန်မေဂျာလိဂ်ကလပ် ကော့စ်မိုအသင်းတွင်သာ ကစားခဲ့ပြီး နာမည်ကျော်ဥရောပကလပ်အသင်းကြီးများတွင် သွားရောက်ခြေချမကစားခဲ့၍ဖြစ်သည်။ ရော်နယ်ဒိုမှာမူ နာမည်ကျော် ဘာစီလိုနာ (စပိန်)၊ အင်တာမီလန် (အီတလီ) နှင့် ရီရဲလ်မက်ဒရစ် (စပိန်) ကလပ်အသင်းတို့တွင် ခြေစွမ်းပြကစားရင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုများ အကြိမ်ကြိမ်ဆွတ်ခူးရရှိခဲ့သော်လည်း ဥရောပချန်ပီယံလိဂ်ဆုဖလား နှင့်မူ ကံမစပ်ခဲ့ချေ။

ပေါ်တူဂီစတား ကမ္ဘာကျော်ဘောလုံးသမား ခရစ်တီယာနိုရော်နယ်ဒိုမှာမူ မန်ယူ၊ ရီရဲလ်အသင်းတို့နှင့်အတူ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးကို အကြိမ်ကြိမ်ရယူဆွတ်ခူးရရှိခဲ့သော်လည်း နိုင်ငံ့လက်ရွေးစင်အဆင့်တွင် ယူရို (၂၀၁၆) ပြိုင်ပွဲ ချန်ပီယံဖလားအောင်မြင်မူမှအပ ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်နှင့် ဝေးကွာနေဆဲဖြစ်သည်။ ခရစ် တီယာနိုရော်နယ်ဒိုနှင့် တစ်ချိန်က ကစားဖော်ဖြစ်ခဲ့သူ မန်ယူတောင်ပံကစားသမား ရိုင်ရန်ဂစ်ဆိုမူ သူ့ဘောလုံးသမားဘဝတစ်လျှောက်လုံး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပင် မကစားခဲ့ဖူးချေ။ နိုင်ငံ့လက်ရွေးစင်ဖြစ်သော ဝေးလ်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲပင် မအောင်မြင်ခဲ့၍ ဖြစ်သည်။

ကမ္ဘာ့အဆင့် ကလပ်အသင်းပြိုင်ပွဲနှင့် နိုင်ငံ့လက်ရွေးစင်အသင်းတို့နှင့်အတူ ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့ဖူးသည့်ကစားသမားဟူ၍ သည်ဘက်ခေတ်တွင် အာဂျင်တီးနားစတား လီယိုနယ်မက်ဆီတစ်ဦး သာ ရှားရှားပါးပါး အောင်မြင်မှုရရှိခဲ့ဖူးသည်။

မက်ဆီသည် ဘာစီလိုနာ (စပိန်) အသင်းနှင့်အတူ ဥရောပချန်ပီယံလိဂ်ဆုဖလားကြီးနှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုများကို အကြိမ်ကြိမ်ဆွတ်ခူးရရှိခဲ့ရုံမက နိုင်ငံ့လက်ရွေးစင် အာဂျင်တီးနားအသင်းနှင့်လည်း ကိုပါအမေရိကချန်ပီယံဆုဖလားအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဖလားကြီးပါ ဆွတ်ခူးရယူနိုင်ခဲ့၍ ပြီးပြည့်စုံသော အောင်မြင်မှုမှတ်တမ်းကို ရယူစိုက်ထူနိုင်ခဲ့လေသည်။ အာဂျင်တီးနားပရိသတ်များကလည်း မက်ဆီကို တစ်ချိန်က ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာနည်းတူ သောင်းသောင်းဖြဖြ အားပေးချီးမြှင့်မြှောက်စားခဲ့ကြသည်။

မြန်မာ့အားကစားနယ်ပယ်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်ပေါင်းမြောက်မြားစွာ ရယူဆွတ်ခူးပေးခဲ့ကြသော တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကို နိုင်ငံတော်နှင့် မြန်မာပြည်သူအပေါင်းက မှတ်တမ်းတင်အမှတ်တရ ရှိနေကြဆဲပင်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီး များဖြစ်ကြသည့် ရွှေတံဆိပ် ၂၈ ဆုရှင် ခင်ခင်ထွေး (ပြေးခုန်ပစ်)၊ ရွှေတံဆိပ် ၁၉ ဆုရှင် သန်းသန်း(ပြေးခုန်ပစ်)၊ ရွှေတံဆိပ် ၁၇ ဆုရှင် ဂိုး-တင်အောင်(ဘောလုံး)၊ ရွှေတံဆိပ် ၁၅ ဆုရှင် ဂျနီဖာတင်လေး (ပြေးခုန်ပစ်)၊ ရွှေတံဆိပ် ခြောက်ဆုရှင်များဖြစ်ကြသော သန့်စင် (ပြေးခုန်ပစ်)နှင့် မြင့်အောင်(ကျွမ်းဘား)၊ ရွှေတံဆိပ်သုံးဆုရှင် စောဆာ လောလ(ပြေးခုန်ပစ်)တို့က ပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်ကို ကွင်းအတွင်း နောက်ဆုံးလက်ဆင့်ကမ်းသယ်ဆောင် ပေးခဲ့ကြသည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရခေတ်တွင်လည်း တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများကို လစဉ်ထောက်ပံ့ကြေးများအပြင် ဘွဲ့ထူး၊ ဂုဏ်ထူးများပါ ပေးအပ်၍ ချီးမြှင့်မြှောက်စားခဲ့ပါသည်။

နေပြည်တော်၌ ယခုလာမည့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာလည်း နိုင်ငံတော်အဆင့် အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်သကဲ့သို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို တစ်ပါတည်းရွေးချယ်မည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမားများအတွက် မှတ်ကျောက်တင်ခံရမည့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်သည်။

ထို့ပြင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း “ပြိုင်ပွဲကြီး ပြီးသွားသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်းစသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန်လိုကြောင်း” စသည်ဖြင့် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် မှာကြားခဲ့ပါသည်။

သို့ဖြင့် ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်းများမှာ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းအမျိုးအစားအလိုက် အောင်မြင်မှုရရှိရေးအတွက် ပွဲမဝင်ခင် အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုတင်လေ့ကျင့်ပြင်ဆင်လျက်ရှိကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနအသင်းက ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း ၁၁၄ ဦးဖြင့် အားကစားနည်းခြောက်မျိုးစလုံးကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘောလုံး (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား) အသင်းတို့ကလည်း တစ်ပွဲချင်းအလိုက် အာရုံစူးစိုက်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟုဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း ပြိုင်ပွဲဝင်အားကစားသမားများနှင့် တွေ့ဆုံပွဲတွင် အားကစားသမားများ ကို “အောင်မြင်မှုရရှိရေးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်၊ အားကစားစိတ်ဓာတ်အပြည့်နှင့် ပါဝင်ယှဉ်ပြိုင်ကြရန်” မှာကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ပြေးခုန်ပစ်အားကစားနည်းများတွင် ရွှေတံဆိပ်များ မျှော်မှန်းပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းကလည်း ရွှေတံဆိပ်ဆွတ်ခူးရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ဘော်လီဘောပြိုင်ပွဲတွင် အောင်မြင်မှုအစဉ်အလာကြီးမားခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘော်လီဘောအသင်းကလည်း ယခုပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန်မျှော်လင့်နေသည်ဟု ဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကမူ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၆၉ ဦးဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းငါးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု နေပြည်တော်ကောင်စီအသင်းက ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ခရစ်ကက်၊ ဘောလုံး (အမျိုးသား)၊ ပြေးခုန်ပစ်၊အလေးမ၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ဝူရှူး၊ ဗိုဗီနမ်နှင့် မြန်မာ့သိုင်းပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိရန် ပိုမိုအားထည့်ထားကြောင်း၊ အသင်းကို စက်တင်ဘာလမှစတင်၍ ရက်ပေါင်း ၆၀ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး အောင်မြင်မှုရရှိရန် စုစုစည်းစည်း ကြိုးစားနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ဆက်တည်းမှာပင် “ဒီပွဲက တစ်နိုင်ငံလုံးက ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲဖြစ်သလို အသက်ကန့်သတ်ချက်လည်းရှိတော့ လူငယ်အားကစားသမားတွေ အမြောက်အမြား ပေါ်ထွက်လာနိုင်ပါတယ်။ လူငယ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရရှိလာမှာဖြစ်သလို နိုင်ငံ့လက်ရွေးစင်အတွက်လည်း အများကြီးအထောက်အကူဖြစ်ပါ တယ်”ဟု ဆိုသည်။

ကရင်ပြည်နယ်အသင်းတွင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း ၄၉၃ ဦး ပါဝင်ပြီး အားကစားနည်း ၂၃ မျိုးစလုံးကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ နှစ်လုံးပေါက် စခန်းသွင်းလေ့ကျင့်ထားသည့် ပြေးခုန် ပစ်နှင့် ဘော်လီဘောအားကစားနည်းများမှ ရွှေတံဆိပ်ရယူ ဆွတ်ခူးနိုင်ရန် မျှော်လင့်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအသင်းကလည်း အားကစားနည်း ၂၃ မျိုးအပြင် မသန်စွမ်း အားကစားပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိနိုင်ရေးအတွက် အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမား စုစုပေါင်း ၅၆၈ ဦးကို ပဲခူး၊ တောင်ငူ၊ ပြည်၊ အုတ်တွင်းနှင့် ရွှေတောင်မြို့များတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအသင်းအနေဖြင့်မူ အားကစားနည်း ၂၃ မျိုးအနက် ၂၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုတံဆိပ်များ ရယူဆွတ်ခူးနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိသည်။ အဓိကအားသာသည့် အားကစားနည်းများတွင် ရွှေတံဆိပ်များ လွတ်ထွက်မသွားစေရန် ကြိုးစားယှဉ်ပြိုင်သွားမည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအသင်းကလည်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အောင်မြင်မှုမှတ်တိုင် ဆက်လက်စိုက်ထူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအားကစားပွဲတော်ကို ကျင်းပ၍ အထူးပြင်ဆင်လေ့ကျင့်လျက်ရှိသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အလွတ်တန်းအဆင့်တစ်မျိုးသာ ပါဝင်ပြီး အားကစားနည်း ၂၇ မျိုးနှင့် မသန်စွမ်းအားကစားနည်း လေးမျိုး ထည့်သွင်းကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ မန္တလေး တိုင်းဒေသကြီးက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးက တတိယဖြင့် ဆွတ်ခူးရရှိသွားခဲ့ကြသည်။

ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၌ နိုင်ငံတော်အဆင့် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ခြောက်မျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ အားကစားနည်း ၂၃ မျိုးအပြင် မသန်စွမ်းအားကစားနည်း လေးမျိုးကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ရွှေတံဆိပ် ၆၇၈ ခု၊ ငွေတံဆိပ် ၆၇၈ ဆုနှင့် ကြေးတံဆိပ် ၉၀၂ ဆုချီးမြှင့်ပေးအပ်သွားရန် လျာထားလျက်ရှိရာ မည်သည့်အသင်းက ရွှေတွဲလဲ ငွေတွဲလဲဖြင့် အောင်မြင်ဗိုလ်စွဲသွားနိုင်မည်ဆိုသည်ကို ဆက်လက်စောင့်မျှော် ကြည့်ရှုအားပေးကြရပါဦးမည်။ ။

No comments:

Post a Comment