မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် “အင်ဂျင်နီယာပညာစွမ်းအားနဲ့ ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွ ဖန်တီးတည်ဆောက်ကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် Engineering Education and Technology Forum ဖိုရမ်ကို Naypyitaw State Polytechnic University ၌ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျင်းပလျက်ရှိသည်။
မြန်မာအင်ဂျင်နီယာပညာရေးသမိုင်းကြောင်း၊ ခေတ်အဆက်ဆက်ဖွံ့ဖြိုးတိုးတက်လာမှုကို
လေ့လာသိရှိနိုင်ရန် သမိုင်းပြခန်းများ၊ စာတမ်းဖတ်ကြားမှုများနှင့် နည်းပညာတက္ကသိုလ်နှင့်
ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ ပရောဂျက်ပြပွဲများမှတစ်ဆင့် မျိုးဆက်သစ်အင်ဂျင်နီယာကျောင်းသားလူငယ်များ
အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ဗဟုသုတများရယူနိုင်ရန် ရာပြည့်သဘင်အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး
တက်ရောက်လာသူ များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဒေါက်တာစိုးလင်းအောင်
တာဝန်ခံပါမောက္ခချုပ်
Naypyitaw State Polytechnic University
ရာပြည့်အခမ်းအနားမှာ သမိုင်းစဉ်တစ်လျှောက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေသာမက
အရင်ခေတ်တွေက မြန်မာနိုင်ငံမှာ အင်ဂျင်နီယာနဲ့ ဗိသုကာ ဘာသာရပ် ထွန်းကားမှုတွေ၊ အင်ဂျင်နီယာ၊
ဗိသုကာဘာသာရပ်နဲ့ပတ်သက်တဲ့ အမွေအနှစ်တွေ၊ အစဉ်အဆက် ဆောင်ရွက်ခဲ့ကြတဲ့ အင်ဂျင်နီယာကြီးတွေဆီက
အနာဂတ်မျိုးဆက်သစ်တွေအတွက် စံနမူနာယူစရာ၊ အတုယူစရာတွေနဲ့ ဒီထက်ပိုမိုကောင်းမွန်တဲ့
ကြိုးစားအားထုတ်မှုတွေ ရရှိလာစေဖို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။
ရာပြည့်အခမ်းအနားမှာ အဓိကအားဖြင့် Engineering Education and Technology
Forum ကို အပိုင်းငါးပိုင်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ပြီးတော့ Engineering Festival
မှာဆိုရင် Activities တွေအနေနဲ့ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Quiz)၊ Hackathon ၊
Esports ၊Talk show ၊ Engineering Battle တွေ ပါဝင်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာသမိုင်းပြခန်း၊
Digital Transformation and AI ပြခန်း စတဲ့ နည်းပညာပေါင်းစုံနဲ့ပတ်သက်တဲ့ Project Show
ပြခန်းတွေပါဝင်မှာ ဖြစ်ပါတယ်။
စာတမ်းဖတ်ပွဲမှာ အနာဂတ်အင်ဂျင် နီယာပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ကြမလဲ၊
စွမ်းအင်လုံခြုံမှုအတွက် အစိမ်းရောင်စွမ်းအင်မှ ပံ့ပိုးပေးနိုင်မှု၊ နောက်ဆုံးပေါ်နည်းပညာအရွေ့
များနဲ့ စွမ်းအင်ကဏ္ဍစတဲ့ ကဏ္ဍငါးခုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စာတမ်းဖတ်ကြားသွားမှာ
ဖြစ်ပါတယ်။ နှစ်တစ်ရာမှာ တစ်ကြိမ်သာ ကြုံတွေ့ရတဲ့ သမိုင်းဝင်အခမ်းအနားမှာ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာန တစ်ခုတည်းတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာဌာနအားလုံး
ပါဝင်ပါတယ်။ ပြီးတော့ အင်ဂျင်နီယာ သမိုင်းမှတ်တမ်းစာအုပ်ကို ပြုစုနိုင်ခဲ့ တာက အမှတ်တရပါ။
ဦးခင်မောင်ဋ္ဌေး (ဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်)
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ပွဲက အင်ဂျင်နီယာပညာရပ်
ဖြစ်ပေါ်တိုးတက်လာတဲ့ အဆင့်ဆင့်သော သမိုင်းကြောင်းကို ပေါ်လွင်အောင် ပြသနိုင်တဲ့ပွဲဖြစ်ပါ
တယ်။ ကျွန်တော်တို့အသင်းချုပ်အနေနဲ့ Polytechnic University က ကျောင်းသူ ကျောင်းသားတွေကို
Student Members အသင်းဝင်အဖြစ် လက်ခံသွားမယ်။ ပြီးတော့ ကျောင်းသူ ကျောင်းသားတွေ သိသင့်သိထိုက်တဲ့
အင်ဂျင်နီယာပညာရပ်တွေနဲ့ပတ်သက်ပြီး အသိပညာတွေ ဟောပြောဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသားတွေအတွက် အကျိုးရှိစေမှာပါ။ ကျွန်တော်တို့အသင်းချုပ်အနေနဲ့ အင်ဂျင်နီယာပညာရပ်နဲ့ပတ်သက်တဲ့
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒေါ်အေးမြင့်ဆွေ (ဦးစီးအရာရှိ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီးဌာန)
ရာပြည့်သဘင်ရဲ့ ဖိုရမ်ဆွေးနွေးမှုမှာ ကျွန်မတို့ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ဆည်မြောင်းနဲ့
ပတ်သက်တဲ့ စာတမ်းတစ်ခုကို ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ Irrigation Works in Myanmar
(Current Status, Technological Advancements and Challenges) ဆိုတဲ့ ခေါင်းစဉ်နဲ့
ဆွေးနွေးမှာဖြစ်ပြီး ဆည်မြောင်းဒီဇိုင်းတွေကို ခေတ်မီနည်းပညာတွေနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်နေလဲဆိုတဲ့
အကြောင်းအရာတွေ၊ ကျွန်မတို့နိုင်ငံရဲ့ ဆည်မြောင်းသမိုင်း၊ ဆည်မြောင်းကဏ္ဍမှာ အင်ဂျင်နီယာတွေ
ရင်ဆိုင်ကျော်လွှားရမယ့် အခက်အခဲ တွေနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုပေါင်းစပ်ဖြေရှင်းရမလဲဆိုတဲ့
အချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာဘာသာရပ်မှာဆိုရင် ဆည်မြောင်းနဲ့ သက်ဆိုင်တာ၊
ဆောက်လုပ်ရေးနဲ့ သက် ဆိုင်တာစသဖြင့် ကဏ္ဍစုံရှိတဲ့အတွက် အခုလိုစာတမ်းဖတ်ပွဲ ကျင်းပတဲ့အခါ
အားလုံးဆုံကြပြီး အကြံဉာဏ်ကောင်းတွေ၊ ရလဒ်ကောင်းတွေရရှိမှာဖြစ်ပါတယ်။
ဦးမျိုးဝင်း (ပြပွဲလာရောက်ပြသသူ)
မန်နေဂျာ၊ MATM Motor
EV ကဏ္ဍဟာ မြန်မာနိုင်ငံမှာ နည်းပညာနဲ့ပတ်သက်တဲ့ အဆင့်မြင့်ကဏ္ဍတစ်ခုကို ဦးတည်လျှောက်လှမ်း
နေပါပြီ။ ဒီနေ့လို သိပ္ပံနည်းပညာကဏ္ဍနဲ့ပတ်သက်တဲ့အခမ်းအနားမှာ EV Car တွေကို လာရောက်ပြသတာဖြစ်ပါတယ်။
အခုခေတ်မှာ နည်းပညာနဲ့ ပတ်သက်တာတွေကို ဆန်းသစ်ကြတဲ့အခါ သဘာဝပတ်ဝန်းကျင်ကိုလည်း အလေးထားလာ
ကြပါတယ်။ အခုဒီပွဲမှာဆိုရင် အနာဂတ် မြန်မာနိုင်ငံရဲ့ သိပ္ပံနည်းပညာကဏ္ဍရဲ့ ခေါင်းဆောင်တွေဖြစ်လာမယ့်
ကျောင်း သား ကျောင်းသူတွေဟာ EV Car ရဲ့ ထုတ်လုပ်မှုဒီဇိုင်းတွေကို လာရောက်လေ့လာကြပါတယ်။
ကျောင်းသား ကျောင်းသူအများစုက EV Car ရဲ့ ဘက်ထရီအစိတ် အပိုင်းနဲ့ ပတ်သက်တာ၊ အာမခံချက်ပေးတဲ့အပိုင်းတွေ၊
အပိုပစ္စည်းထုတ်လုပ်မှုအပိုင်းတွေစတဲ့အကြောင်းအရာတွေကို စိတ်ဝင်တစား မေးမြန်းကြပါတယ်။
ဦးထက်မြက်အောင် (မန်နေဂျာ HITACHI SOE ELECTRONIC & MACHINERY
CO.,LTD)
ဒီနေ့ပြပွဲမှာ နည်းပညာအသစ်ဖြစ်တဲ့ Transformer တွေကို လာရောက် ပြသတာဖြစ်ပါတယ်။
ဒီ Transformer တွေကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်က နိုင်ငံသားအင်ဂျင်နီယာတွေနဲ့
နည်းပညာ အဆင့်မြင့်မားစွာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နည်းပညာအသစ်တွေကို
စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေပြီး ဒီလိုပြပွဲတွေကနေ အသိပညာတွေ ဖြန့်ဝေပေးနေပါတယ်။
မြန်မာနိုင်ငံမှာပဲ ဒီလို နည်းပညာအမြင့်တွေနဲ့ ထုတ်လုပ်နိုင် တယ်ဆိုတာကို အင်ဂျင်နီယာ
ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စိတ်ဝင်တစား လာရောက်လေ့လာကြတယ်။ လေ့လာပြီးတော့ သိချင်တာတွေကိုလည်း
အသေးစိတ်မေးမြန်းကြပါတယ်။
မောင်အောင်မင်းခန့် (စတုတ္ထနှစ် ကျောင်းသား၊ ကွန်ပျူတာတက္ကသိုလ်
(တောင်ငူ))
ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့ Virtual Campus to Smart Campus ဆိုတဲ့ ခေါင်းစဉ်အောက်က
Project တစ်ခု ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကို လုပ်ဆောင်တာ ခြောက်လလောက်ရှိပါပြီ။ ဒီ
Project ကနေ Energy Consumption စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်မယ်၊ Power
Saving ဖြစ်မယ်၊ အင်တာနက်ရှိရုံနဲ့ အခက်အခဲမရှိ Smart ကျတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိနိုင်မှာ
ဖြစ် ပါတယ်။
မောင်ကြည်စင်သိန်း (စတုတ္ထနှစ်ကျောင်းသား၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်))
အခုလို ရာပြည့်အခမ်းအနားမှာ ကျောင်းသားတစ်ဦးအနေနဲ့ ပါဝင်ဆင်နွှဲခွင့်ရတာ ဝမ်းသာပျော်ရွှင်မိပါတယ်။
ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ MSME နဲ့ပတ်သက်တဲ့ Project ကို လာရောက် ပြသတာဖြစ်ပါတယ်။
ဒီ Project ကို Web portal အနေနဲ့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ MSME ကဏ္ဍအောက်က စိုက်ပျိုးရေး၊
မွေးမြူရေးစတဲ့ကဏ္ဍတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အကျိုးကျေးဇူးတွေရရှိမယ့်အချက်အလက်တွေ
ရရှိနိုင်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးရဲ့ ထုတ်ကုန်တွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာ
တွေကိုလည်း လေ့လာနိုင်ပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့
Project ကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းဝင်း
ဓာတ်ပုံ- ကိုကြီးထိန်(MNA)
No comments:
Post a Comment