Wednesday, November 27, 2024

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး



နေပြည်တော် နိုဝင်ဘာ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

အလေးထားဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၇)ရှိ နဝင်းချောင်းတံတား (အဆုံ) လုပ်ငန်းခွင်အတွင်းသို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တံတား ရေတိုက်စားမှုမရှိစေရေး စနစ်တကျတွက်ချက်၍ မြေထိန်းနံရံ၊ မြေကာနံရံများ အခိုင်အမာတည်ဆောက်ရန်၊ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင် ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် ကင်းသာလမ်းဆုံသို့ ရောက်ရှိပြီး ရေတိုက်စား၍ပျက်စီး ခဲ့သည့် လမ်းအပိုင်းအား ပြုပြင် ဆောင်ရွက်ထားရှိမှု၊ လမ်းပခုံးများနှင့် မြေထိန်းနံရံအနိမ့် (Toe Wall) များ ဆောင်ရွက်ပြီးစီးမှု၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်း တံတား (သိုက်ချောင်း) သို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားကာ ရေလယ်တိုင်နိမ့်ကျသည့်အပိုင်းကို အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်နေမှု၊ တံတား ရက်မနှင့်ကြမ်းခင်းများ ဆောင်ရွက်နေမှု၊ အခိုင်အမာချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြား သည်။

အခမ်းအနားတွင် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ပြဆိုင်ရာလိုအပ်ချက်တာဝန်များကို ကိုယ်ရောစိတ်ပါ စေတနာထား၍ တာဝန်ထမ်းဆောင်ခဲ့သူများ၊ အလုပ်တာဝန်များကို တာဝန် သိစိတ်ဖြင့် ကျေပွန်စွာ ကြိုးစားတာဝန်ထမ်းဆောင်ခဲ့သူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ သင်တန်းများတွင် တက်ရာက်ပြီး ဝန်ကြီးဌာန၏ ဂုဏ်တက်စေရေး ထူးချွန်ဆုရရှိအောင် ကြိုးစားခဲ့သူ များကို ဂုဏ်ပြုဆုများချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာအား အရာထမ်း/ အမှုထမ်းများနှင့် အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment