စောနိုင်(အသုံးချဘောဂဗေဒ)
အနောက်တိုင်းစီးပွားရေးပညာရပ် (ဘောဂဗေဒ) သည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှတစ်ဆင့် မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော ပို၍နယ်ပယ်စုံသည့် စီးပွားရေးပညာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်လက်အောက်မှ လူမှုရေးသိပ္ပံမဟာဌာနကြီးကို စီးပွားရေးပညာရပ်ပေါင်းစုံ သင်ကြားပို့ချပေးနိုင်မည့် စီးပွားရေးတက္ကသိုလ် (ရန်ကုန်) အဖြစ် ထူထောင်ဖွင့်လှစ်ခဲ့ကြသည်။
စီးပွားရေးတက္ကသိုလ် (ရန်ကုန်) သည် ရန်ကုန်မြို့
ပြည်လမ်းနှင့် အင်းလျားလမ်းထောင့် ရန်ကုန် တက္ကသိုလ်ဝင်းကြီးအတွင်း၌ပင်ရှိသည့် လူမှုရေးသိပ္ပံမဟာဌာနအဆောက်အအုံ
(social science department building)တွင် စတင်ဖြစ်တည်ခဲ့သည်။ တက္ကသိုလ်၏ အရပ်လေးမျက်နှာလားရာတို့ကို
ကြည့်သော် အရှေ့ဘက်တွင် ဘွဲ့နှင်းသဘင်အဆောက်အအုံကြီး၊ အနောက်ဘက်တွင် ပြည်လမ်း၊ တောင်ဘက်တွင်
ရန်ကုန်တက္ကသိုလ်ဥပဒေဌာန၊ မြောက်ဘက်တွင် အင်းလျားလမ်းတို့ ရှိလေသည်။
ဌာနသုံးခု
ဖြစ်ပေါ်လာ
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးနောက်
ရန်ကုန်တက္ကသိုလ်တွင် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်သင်ကြား ပို့ချပေးခဲ့ကြသည်။ ၁၉၅၅ ခုနှစ်တွင်
ဘောဂဗေဒဌာနကို ဘောဂဗေဒဌာနနှင့် ဝါဏိဇ္ဇဗေဒဌာနဟူ၍ ဌာနနှစ်ခု ခွဲထုတ်၍လည်းကောင်း၊ ၁၉၅၆
ခုနှစ်တွင် ဘောဂဗေဒဌာနမှ စာရင်းအင်းဗေဒဌာနကို ခွဲထုတ်၍လည်းကောင်း စီစဉ်ခဲ့ကြသဖြင့်
ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန နှင့် စာရင်းအင်းဗေဒဌာနဟူ ဌာနသုံးခု ဖြစ်ပေါ်လာခဲ့သည်။ ၁၉၅၈
ခုနှစ် ဇွန်လတွင် ထိုဌာနများကို လူမှုရေးသိပ္ပံအဆောက်အအုံ (ယခုရန်ကုန်စီးပွားရေးတက္ကသိုလ်အဆောက်အအုံ)
သို့ ပြောင်းရွှေ့ခဲ့ကြ သည်။
၁၉၆၂ ခုနှစ် မတ်လ
၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ရယူခဲ့ သည့်အခါ ပညာရေးမူဝါဒသစ်အရ
စီးပွားရေးတက္ကသိုလ်(ရန်ကုန်) ပေါ်ပေါက်ရန် အကြောင်းဖန် လာခဲ့သည်။ တက္ကသိုလ်ပညာရေးစနစ်သစ်ဥပဒေအရ
၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် စီးပွားရေးတက္ကသိုလ်ထူထောင်ကြောင်း ပညာရေးဝန်ကြီးဌာနက
အမိန့်ထုတ်ပြန်ပြီးနောက် တက္ကသိုလ်ပညာရေးအဖွဲ့ကိုပါ ခန့်အပ်ခဲ့သည်။
ထိုသို့ထူထောင်ရာတွင်
ရန်ကုန်တက္ကသိုလ်ရှိ ဘောဂဗေဒဌာန (၎င်းဌာနလက်အောက်ရှိ မော်လမြိုင်ဒီဂရီကောလိပ် ဘောဂဗေဒဌာနအပါအဝင်)
နှင့် မန္တလေးတက္ကသိုလ်လက်အောက်ရှိ ဘောဂဗေဒဌာနတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစည်းပြီးနောက်
ဝါဏိဇ္ဇဗေဒဌာန၊ စာရင်းအင်း ဗေဒဌာနတို့နှင့်အတူ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခု
အဖြစ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ (လူမှုရေးသိပ္ပံအဆောက်အအုံတွင် ရှိပြီးသား ဘောဂဗေဒဌာန၊
ဝါဏိဇ္ဇဗေဒဌာနနှင့် စာရင်းအင်းဗေဒဌာနတို့သည် အသစ်ဖွင့်လှစ်သည့် စီးပွားရေးတက္ကသိုလ်
(ရန်ကုန်) ၏ အဓိကဘာသာရပ်ဌာနများ ဖြစ်လာသည်။)
စီးပွားရေးတက္ကသိုလ်
(ရန်ကုန်) စတင်ထူထောင်ချိန်ရှိ အဓိကဘာသာရပ်ဌာနကြီးများမှာ ဘောဂ ဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာနနှင့်
စာရင်းပညာဌာနတို့ဖြစ်ပြီး အထောက်အကူပြုဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဌာနများဖြစ်သည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခတာဝန်ကို ယူထားသည့် ဒေါက်တာအေးလှိုင်သည်
စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ၏ ပထမဆုံးသော ပါမောက္ခချုပ် ဖြစ်လာခဲ့သည်။ တက္ကသိုလ်စတင်ထူထောင်ချိန်က
ဖွဲ့စည်းထား သော ဌာနများနှင့် တာဝန်ယူခဲ့သော ပါမောက္ခ၊ ဌာနမှူးများမှာ-
ဘောဂဗေဒဌာန
ပါမောက္ခ ဦးသာထိုနှင့်
ဒေါက်တာမောင်ရှိန်
ဝါဏိဇ္ဇဗေဒဌာန
ပါမောက္ခ ဦးစောဝီလျံပေါ
စာရင်းအင်းပညာဌာန
ဒေါက်တာခင်မောင်ညွန့်
သုတေသနဌာန
ပါမောက္ခ ဒေါက်တာ
ရော်နယ်ဖင်လေး
မြန်မာစာဌာန
ဌာနမှူး ဒေါ်ယဉ်ယဉ်မြင့်
အင်္ဂလိပ်စာဌာန
ဌာနမှူး ဒေါ်ခင်ခင်ကြည်
ပထဝီဌာန
ဌာနမှူး ဒေါ်ဖေ့သ်ဝီလျံလေး
မော်ကွန်းထိန်း
ဦးစန်းရှိန်
လက်ထောက်အုပ်ချုပ်ရေးမှူး
ဦးစောဂစ်ဘ်ဆင်တို့
ဖြစ်သည်။
စီးပွားရေးတက္ကသိုလ်(ရန်ကုန်)
စတင်ထူထောင်ချိန် (၁၉၆၄-၁၉၆၅ ပညာသင်နှစ်) ၌ သင်ကြားပေး ခဲ့သော ဘာသာရပ်များမှာ-
(၁) စိုက်ပျိုးရေးဘောဂဗေဒ၊
(၂) စီမံကိန်းနှင့်
ဖွံ့ဖြိုးရေးပညာ၊
(၃) စာရင်းကိုင်နှင့်
စာရင်းစစ်ပညာ ၊
(၄) စက်မှုနှင့်
ကုန်သွယ်ရေးပညာ ၊
(၅) သင်္ချာစာရင်းအင်းပညာ
၊
(၆) အသုံးချစာရင်းအင်းပညာရပ်များဖြစ်သည်။
ပေးအပ်သောဘွဲ့များမှာ
စီးပွားရေးပညာဘွဲ့ (ဘောဂဗေဒ)၊ ဝါဏိဇ္ဇဗေဒဘွဲ့၊ စီးပွားရေးပညာဘွဲ့ (စာရင်းအင်း) တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင်
ပထမဦးဆုံးဖြစ်ပေါ်လာမည့် စီးပွားရေးပညာရပ်များသင်ယူရရှိနိုင်သော အသက် မွေးဝမ်းကျောင်းတက္ကသိုလ်
ထူထောင်နိုင်ရေးအတွက် အသေးစိတ် တာဝန်ယူစီစဉ်ဆောင်ရွက် ခဲ့သူ ပထမဦးဆုံးသော ပါမောက္ခချုပ်အဖြစ်
တာဝန်ယူခဲ့သူမှာ ဆရာကြီး ဒေါက်တာ (ဦး) အေးလှိုင် ဖြစ်သည်။
ဆရာကြီးကို ပဲခူးတိုင်း
(အနောက်ခြမ်း) ပေါင်းတည်မြို့၌ အဘ ဦးအိုးဝ (ခ) ဦးစိန်အုပ်၊ အမိ ဒေါ်အိတို့က ၁၉၂၁ ခုနှစ်
ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဆရာကြီးသည် မြန်မာအစိုးရ အထက်တန်းကျောင်း (ယခုမြို့မ
အထက) မှ ၁၉၄၀ ပြည့်နှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုအချိန် တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာခဲ့သောကြောင့်
၁၉၄၇ ခုနှစ်ရောက်မှသာ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ ရရှိခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ
London School of Economics မှ B.Sc. (Econ.) ဘွဲ့ကိုလည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် အဆိုပါ
ကျောင်းမှပင် Ph. D ( Econ.) ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။
ပါမောက္ခချုပ်အဖြစ်
တာဝန်ယူခဲ့
ဆရာကြီးသည် ၁၉၄၇
ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနတွင် နည်းပြဆရာဘဝ၊ မန္တလေးတက္ကသိုလ်နှင့်
ရန်ကုန်တက္ကသိုလ်တွင် လက်ထောက်ကထိက၊ ရန်ကုန် တက္ကသိုလ် ဘောဂဗေဒဌာနတွင် ကထိက၊ ပါမောက္ခတာဝန်များကို
အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ စီးပွားရေးတက္ကသိုလ်
(ရန်ကုန်) ၏ ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
ဆရာကြီး ဒေါက်တာအေးလှိုင်သည်
၁၉၆၃ ခုနှစ်ကတည်းက ပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ စီးပွားရေးတက္ကသိုလ် ထူထောင်နိုင်ရေး
ပဏာမလုပ်ငန်းများကို ဝီရိယကြီးစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ တက္ကသိုလ်အသစ်တစ်ခု ထူထောင်ရေးမှာ
လွယ်ကူသော အလုပ်၊ သေးငယ် သော အလုပ်မဟုတ်ပေ။ တက္ကသိုလ်နှင့်သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက်များသာမက
ဖွဲ့စည်းပုံ၊ အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများ ခန့်အပ်ရေးကိစ္စ၊ သင်ကြားပေးရမည့်
ဘာသာရပ် အစီအစဉ် များ စသည်ဖြင့် အသေးစိတ်လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရသည်။ ဝါဏိဇ္ဇဗေဒ၊
စာရင်းအင်း ပညာ၊ သင်္ချာ၊ ပထဝီ၊ အင်္ဂလိပ်စာ၊ မြန်မာစာဌာနများ နှင့်လည်း ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ရသည်။ ထိုအချိန်တွင် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားပြီးနောက် ပြန်လည်ရောက်ရှိလာသော
ဆရာဒေါက်တာမောင်ရှိန်၊ ဒေါက်တာရော်နယ်ဖင်လေး၊ ဒေါက်တာ ခင်မောင်ညွန့်တို့ကလည်း အကူအညီများစွာ
ပေးခဲ့ကြသည်။ ၁၉၆၄ ခုနှစ် ဧပြီလတွင် ဘာသာရပ် သင်ကြားရေးကိစ္စအများစု ပြီးစီးနေခဲ့ပြီဖြစ်သည်။
၁၉၆၄ ခုနှစ်တွင်
ပညာရေးဝန်ကြီးဌာနက စီးပွားရေးတက္ကသိုလ် တည်ထောင်ကြောင်း အမိန့် ထုတ်ပြန်မှုနှင့်အတူ
စီးပွားရေးတက္ကသိုလ်ပညာရေး အဖွဲ့ကိုလည်း ခန့်အပ်ခဲ့သည်။ ထိုအဖွဲ့တွင် ဦးဘညိန်
(BCS)၊ ဦးသိန်းဖေမြင့်၊ ရဲဘော်ချမ်းအေး (ဆရာကြီး မောင်စူးစမ်း)၊ သခင်ကျော်စိန် အစ ရှိသူတို့
ပါဝင်ခဲ့ကြသည်။ တက္ကသိုလ် သင်ရိုး ညွှန်းတမ်းရေးဆွဲရာတွင် လက်ဝဲဝါဒီ အခြေခံသဘော တရားဖြစ်သော
dialectical Materialism မပါဝင် သဖြင့် ဦးဘညိန်အပါအဝင် လက်ဝဲအယူဝါဒကို ခိုင်မာစွာ ယုံကြည်ကြသူများ၏
အပြင်းအထန်ကန့်ကွက်မှုကို ခံခဲ့ရသော်လည်း ဆရာကြီး ဒေါက်တာအေးလှိုင်က အောင်မြင်စွာ ဖြေရှင်းညှိနှိုင်းလျက်
ထိရောက်စွာ လုပ်ဆောင်ခဲ့သဖြင့် စီးပွားရေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် တစ်ဖက်သတ်
နိုင်ငံရေးသဘောတရား ကင်းစင်စေရေး ပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။
ဆရာကြီးသည် စီးပွားရေးတက္ကသိုလ်
(ရန်ကုန်) ပါမောက္ခချုပ်အဖြစ် တာဝန်ယူနေစဉ် ဘောဂဗေဒ ဂုဏ်ထူးတန်းများ၊ စီးပွားရေးပညာမဟာဘွဲ့သင်တန်းများတွင်
သင်ခန်းစာများ ပို့ချပေးခြင်း၊ သုတေသနပြုလုပ်ရန် အားပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
ဆရာကြီး၏ Ph.D ဘွဲ့အတွက် ရေးသားခဲ့သော သုတေသနစာတမ်းသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုသမိုင်းအတွက်
လည်း ကောင်း၊ GDP တွက်ချက်ရေး နည်းလမ်းအတွက်လည်းကောင်း အရေးပါသော စာတမ်းတစ်စောင် ဖြစ်ခဲ့သည်။
ထိုစာတမ်းကို A Study of the Economic Development of Burma 1870-1940 ခေါင်းစဉ်ဖြင့်
စီးပွားရေးတက္ကသိုလ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲ၌ မြန်မာနိုင်ငံ၏ ၁၉၀၁ ခုနှစ်
မှ ၁၉၃၉ ခုနှစ်အထိ ပြည်တွင်းထုတ်လုပ်မှု(GDP) အခြေအနေတို့ကို တွက်ချက်ထားသည်။
ဆရာကြီးသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပါမောက္ခချုပ်
တာဝန်ယူခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
၁၉၈၁ မှ ၁၉၈၄ ခုနှစ်အထိ ဗဟိုဘဏ်၏ အကြံပေးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင်
အမျိုးသားစီမံကိန်း ကော်မရှင်၊ စိုက်ပျိုးရေးနှင့် လယ်ယာမြေစီမံကိန်း ကော်မရှင်၊ အမျိုးသားသမဝါယမကောင်စီ
အစ ရှိသော အဖွဲ့အစည်းများတွင်လည်း စီးပွားရေးပညာ (ဘောဂဗေဒ)ကို ထိရောက်စွာ အသုံးချ၍
နိုင်ငံ့ အကျိုးစီးပွားအတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ဆရာကြီး
ဒေါက်တာ အေးလှိုင်သည် ကိုယ်တိုင်သုတေသနပြုလုပ်၍ စီးပွားရေးပညာများကို ဝေငှပေးခဲ့ရုံသာမက၊
လက်တွေ့အသုံးတည့်သော စီးပွားရေးပညာရပ်များ သင်ယူနိုင်ရေးအတွက်လည်းကောင်း၊ စီးပွားရေး
ပေါ်လစီချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများတွင်လည်းကောင်း ကိုယ်တိုင်ပါဝင်
အားထုတ် ဆောင်ရွက်ခဲ့သည်။
ကောင်းကင်မျှော်စင်
မဖြစ်ရုံမက
အငြိမ်းစားသံအမတ်ကြီး
ဦးသက်ထွန်းက ၎င်း၏ “ကျွန်တော့်ဘဝက လေထီးသမားလိုပါ” ခေါင်းစဉ်တပ်ထားသော တွေ့ဆုံမေးမြန်းမှု
အစီအစဉ်တစ်ခု၌ ဆရာကြီး ဒေါက်တာအေးလှိုင်နှင့် ပတ်သက်၍ “ကောင်းကင်မျှော်စင် မဖြစ်ရုံမက”
စကားအဓိပ္ပာယ်ကို အောက်ပါအတိုင်း ပြန်လည် ဖြေကြားထားသည်ကို ဖတ်ရှုခဲ့ရသည်။
“အင်္ဂလိပ်စကား
Ivory Tower ကို ကျွန်တော် ဆီလျော်အောင် မြန်မာပြန်လိုက်တာပါ။ တိုက်ရိုက် ပြန်ရရင်တော့
ဆင်စွယ်ရဲတိုက်ပေါ့ဗျာ၊ ကောင်းကင်မျှော်စင်ဆိုတာက တချို့တက္ကသိုလ်တွေမှာ စာတွေ ချည်းပဲ
သင်တယ်။ သီအိုရီတွေချည်းပဲ။ ဒါပေမယ့် လက်တွေ့ဘဝမှာ လူ့ဘဝအတွက် ဘာတစ်ခုမှ အသုံးချလို့မရဘူး။
သူ့ဘာသာသူ စာတွေတတ်နေတာပဲရှိတယ်။ လုပ်ငန်းခွင်မှာ သိပ်သုံးလို့မရဘူးဗျ။ အောက်ခြေနဲ့
သိပ်မဟပ်မိဘူး။ အောက်ခြေလွတ်တယ်။ ကိုအေးလှိုင် စီးပွားရေးတက္ကသိုလ်ကို ကိုင်တော့ အဲဒီလိုမဟုတ်ဘူးဗျ။
အဲဒီလိုမဖြစ်ဘူး။ Ivory Tower မဖြစ်ခဲ့ဘူး။ ဘာသာရပ်အနေနဲ့လည်း အဆင့်မြင့်မြင့်ကျကျနန
သင်ပေးနိုင်တယ်။ ကိုအေးလှိုင်လက်ထက်မှာ တက္ကသိုလ်ဘွဲ့သင်တန်းတွေအပြင် စီမံကိန်းဒီပလိုမာသင်တန်းတွေ
ဖွင့်နိုင်တယ်။ စာရင်းကိုင်ဒီပလိုမာသင်တန်းတွေ ဖွင့်ပေးတယ်။ အဲဒီဒီပလိုမာရတဲ့သူတွေကလည်း
သူတို့ ပညာကို လုပ်ငန်းခွင်မှာ တော်တော်လေးသုံးလို့ ရတယ်။ ပညာရှင်သိပ်ဆန်၊ သီအိုရီတွေချည်း
လျှောက်ပြောပြီး အောက်ခြေနဲ့ မစပ်မိတာမျိုး၊ ကောင်းကင်မျှော်စင်ပဲဖြစ်ပြီး မြေကြီးနဲ့
မနီးတာမျိုး မဖြစ်ခဲ့ဘူး၊ အဲဒါကိုဆိုလိုတာပါ။”
အငြိမ်းစား သံအမတ်ကြီး
ဦးသက်ထွန်း၏ အင်တာဗျူးအဖြေထဲတွင် ဆရာကြီး ဒေါက်တာအေးလှိုင်၏ စီးပွားရေးတက္ကသိုလ်ကြီးအတွက်
အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ပေးခဲ့ပုံ၊ လက်တွေ့ကျသော၊ အသုံးတည့်သော စီးပွားရေးပညာရပ်များ
ဖြန့်ဝေပေးနိုင်ရေး အားထုတ်ပေးခဲ့ပုံတို့ကို ကွင်းကွင်းကွက်ကွက် ပေါ်လွင်လျက်ရှိသည်။
စာရေးသူတို့အနေဖြင့် ဆရာကြီး၏ အားထုတ် လုပ်ဆောင်ခဲ့မှု၊ သင်ကြားပေးခဲ့မှုတို့ကို မသိခဲ့၊
မမီခဲ့၊ မမြင်ခဲ့ရသော်လည်း ဆရာကြီး ပျိုးထောင် ပေးခဲ့သည့် အပင်ကြီးမှ အသီးအပွင့်များကို
ဆွတ်ယူ စားသုံးခွင့်ရရှိနေပြီဖြစ်သောကြောင့် ဆရာကြီး၏ များပြားလှသော ကျေးဇူးတရားတို့ကို
အောက်မေ့သတိရလျက် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏
ပထမဦးဆုံးသော စီးပွားရေးတက္ကသိုလ်ကြီးကို ထူထောင်ပေးခဲ့ပြီး ပထမဦးဆုံး ပါမောက္ခချုပ်အဖြစ်
တာဝန်ထမ်းဆောင်ပေးခဲ့သည့် ဘောဂဗေဒပညာရှင် ဆရာကြီး ဒေါက်တာ (ဦး) အေးလှိုင်သည် ၁၉၉၄ ခုနှစ်
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အသက် ၇၄ နှစ်အရွယ်၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရသည်။
ဆရာကြီး၏ ရုပ်တု
ဂုဏ်ပြုစိုက်ထူထား
စီးပွားရေးတက္ကသိုလ်ထူထောင်ရေး
ပဏာမ လုပ်ငန်းများမှစ၍ တက္ကသိုလ်ရုပ်လုံးပေါ်လာသည်အထိ အသေးစိတ် စီစဉ်ဆောင်ရွက်ပေးခဲ့သူ၊
တက္ကသိုလ်ထူထောင်ပြီးနောက် နုနယ်သောအခြေအနေမှ ခိုင်မြဲသော တက္ကသိုလ်ကြီးဖြစ်လာစေရေးအတွက်
၁၁ နှစ်ကြာ အားထုတ်လုပ်ဆောင်ပေးခဲ့သူ ဆရာကြီး ဒေါက်တာအေးလှိုင်ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်၏
ဖခင်ကြီးဟု ခေါ်ဆိုထိုက် ကြောင်း ဆရာကြီး ဒေါက်တာသန်းညွန့်ကလည်း သူ၏ဆောင်းပါးတစ်ပုဒ်ထဲတွင်
ဂုဏ်ပြုအမွှမ်းတင် ရေးသား ထား၏။ ယခုအခါ နောက်လာနောင်သားတို့ အမှတ်ရရှိစေရန်၊ ဂုဏ်ယူတတ်စေရန်
ရန်ကုန် စီးပွားရေးတက္ကသိုလ်ပရိဝုဏ်ထဲတွင် ဆရာကြီး၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုကြီးကို
ဂုဏ်ပြုစိုက်ထူထား သည်။
စာရေးသူအပါအဝင်
မျိုးဆက်သစ်စီးပွားရေး စာသင်သားတို့အနေဖြင့် ဆရာကြီး ဒေါက်တာ အေးလှိုင် အပါအဝင် စီးပွားရေးပညာရပ်များကို
လက်ဆင့်ကမ်းပြုစုပျိုးထောင်ပေးလျက် ပညာ အသီးအပွင့်များကို ဆက်လက်ဖူးပွင့်ပေးဝေလျက်ရှိသော
ဆရာကြီး၊ ဆရာမကြီးများ၏ စေတနာများ ကို ပြန်လည်ဆင်ခြင်အောက်မေ့လျက် နိုင်ငံ့စီးပွား
ရေးအင်အား ပြန်လည်တည်ဆောက်မှုတွင် ပါဝင် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း မြန်မာနိုင်ငံ
စီးပွားရေးပညာ နှစ် (၁၀၀) ပြည့်အချိန်အခါတွင် ဂုဏ်ပြုတိုက်တွန်းရေသားလိုက်ရပေသတည်း။
။
ကိုးကား-
(၁) ဆရာကြီး ဒေါက်တာသန်းညွန့်
ရေးသားသည့် “ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ဖခင်ကြီး ပါမောက္ခချုပ် ဒေါက်တာအေးလှိုင်”
ဆောင်းပါး။
(၂) ဘောဂဗေဒပညာရှင်
သံအမတ်ကြီး ဦးသက်ထွန်းနှင့် တွေ့ဆုံခြင်း၊ “ ကျွန်တော့်ဘဝက လေထီးသမားလိုပါ” အင်တာဗျူး။
(၃) အငြိမ်းစားသံအမတ်ကြီး
ဦးသက်ထွန်း ရေးသားသည့် “စီးပွားရေးတက္ကသိုလ် ပထမဆုံး ပါမောက္ခချုပ် ကျွန်တော်သိသော
ဒေါက်တာအေးလှိုင်”ဆောင်းပါး။
(၄) ရန်ကုန်စီးပွားရေးတက္ကသိုလ်
မေခဆောင် ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၉၆၄-၂၀၁၄)။


No comments:
Post a Comment