Thursday, November 7, 2024

မစ္စတာ ဘွန်ဖီယန် ကျန်ထဝုန်အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

 

နေပြည်တော် နိုဝင်ဘာ ၆

မစ္စတာ ဘွန်ဖီယန်ကျန်ထဝုန်အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် လာအိုနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မစ္စတာ ဘွန်ဖီယန်ကျန်ထဝုန်ကို ၁၉၇၅ ခုနှစ်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၇ ခုနှစ်တွင် လာအိုအမျိုးသားနိုင်ငံရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာဘာသာစကားအထူးပြုဖြင့် ဒီပလိုမာကို ရရှိခဲ့ကာ ၂၀၁၇ ခုနှစ်တွင် လာအိုအမျိုးသားတက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိခဲ့သည်။ တာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ စာချုပ်များနှင့် ဥပဒေရေးရာဌာနတွင်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ရှိ လာအိုနိုင်ငံသံရုံးတွင်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ လာအိုအမျိုးသားနယ်နိမိတ်ကော်မတီရုံးတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ယနေ့အချိန်အထိ လာအိုအမျိုးသားနယ်နိမိတ်ကော်မတီရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သတင်းစဉ်

No comments:

Post a Comment