နေပြည်တော် နိုဝင်ဘာ ၂၇
ဟိုတယ်နှင့် ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များကို ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက Royal Taunggyi Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)မှ
ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊
ဟိုတယ် လုပ်ငန်းရှင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ အလည်အပတ်သဘော၊
အလုပ်သဘောခရီးစဉ်များ လာရောက်လျက်ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်သော
ရုရှားနိုင်ငံသားများကို ရှမ်းပြည်နယ်သို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရန်အတွက်
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသားဧည့်သည်များ
လာရောက်သည့်အခါ ဝန်ဆောင်မှုပေးရာတွင်လည်း များစွာအထောက်အကူဖြစ်စေသည့်အတွက်
ယခုသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ
သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြရန်၊ ဘာသာစကားကို
ကျွမ်းကျင်စွာတတ်မြောက်သည်အထိ ဆက်လက်လေ့လာဆည်းပူးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းကို
တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီးက သင်တန်းတွင် သင်ကြားပို့ချသည့်
ရုရှားဘာသာစကားသင်ခန်းစာများနှင့် သင်ကြားပို့ချမည့် အစီအစဉ်များကို
ရှင်းလင်းပြောကြားသည်။
အဆိုပါ
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ
ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးခွဲသို့
သွားရောက်၍ ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံပြီး
လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးသည် ဗွီးရှင်းဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်း
ဖွင့်လှစ်သင်ကြားနေမှုအခြေအနေကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို
ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment