ကေအောင်(မဟာဝိဇ္ဇာ)
တစ်နေ့က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် ဘာသာပြန်ဆောင်းပါးတစ်ခု ဖတ်လိုက်ရ၏။ BRICS အဖွဲ့အစည်းနှင့်ပတ်သက်၍ ရေးထားသည့် စာဖြစ်၏။ ဒီမတိုင်ခင်က စာရေးသူအနေဖြင့် အဆိုပါ BRICS အကြောင်း အနည်းငယ်အရိပ်အမြွက်သာ သိထားခဲ့သည်။ အဆိုပါ ဘာသာပြန်ဆောင်းပါးဖတ်ပြီးမှ ထိုအဖွဲ့ကြီး၏ အနေအထားနှင့်အရေးပါမှုကို ပိုမိုနားလည်ခဲ့ရသည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါအဖွဲ့ကြီး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြံဆောင်ရန်ဖြစ်ကြောင်း မှတ်သားရသည်။ အဆိုပါရည်ရွယ်ချက် ကောင်းမွန်မှုကြောင့်ပင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသည့်နိုင်ငံများရှိနေကြသည်။ တစ်ဖက်မှာလည်း မင်းသားကြီးမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်ချင်နေသော နိုင်ငံများက BRICS ၏ တိုးတက်ဖြစ်ထွန်းလာမှုသည် သူတို့ကိုများ နှောင့်ယှက်ထိပါးလာမလားဟူသော သံသယဖြင့်ရှုမြင်နေကြသည်။ ထိုဆောင်းပါးကို အသေးစိတ်ဖတ်ပြီးသော် စာရေးသူဖျတ်ခနဲ သတိရမိသည်က BRICSနှင့်မခြား ဦးတည်ချက်ခြင်း တူညီမှုရှိသည့် စာရေးသူတို့နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသော ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady- Chao Phraya – Mekong Economic Cooperation Strategy- ACMECS) အကြောင်းကိုလည်း အများပြည်သူသိရှိနိုင်စေရန် မျှဝေလိုပါသည်။
ယနေ့ဆိုလျှင် အဆိုပါ ဧရာဝတီ - ကျောက် ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady- Chao Phraya – Mekong Economic Cooperation Strategy- ACMECS)၏သက်တမ်းမှာ ဆယ်စုနှစ်နှစ်ခုကို လွန်ခဲ့ပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၀၃ ခုနှစ် ဧပြီလ ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတစ်ခုတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် Thaksin Shinawatra က ဒေသခွဲအတွင်း စီးပွားရေးကွာဟချက်များ ကျဉ်းမြောင်းစေရန်နှင့် စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတစ်ရပ်ထူထောင်ရေး အဆိုပြုတင်သွင်းခဲ့မှုအပေါ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့က သဘောတူလက်ခံခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ACMECS ၏ ထိပ်သီး အစည်းအဝေးကို ကျင်းပကာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့က နိုင်ငံ့အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ပုဂံကြေညာချက်စာတမ်း (Bagan Declaration)ကို ထုတ်ပြန်ကြေညာ၍ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(Ayeyawady- Chao Phraya – Mekong Economic Cooperation Strategy- ACMECS) ကို စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။
ACMECS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ နယ်စပ်ဒေသများတွင် စီးပွားရေးဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းတိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုများပိုမိုဖြစ်ထွန်းလာစေရန်၊ စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အခွင့်အလမ်းပိုမိုကောင်းမွန်သည့် ဒေသများသို့ ပြောင်းရွှေ့ရာ၌ အထောက်အကူဖြစ်စေရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို လျှော့ချနိုင်ရန်နှင့်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေး၊ ညီတူညီမျှရှိရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ခေါင်းပုံဖြတ်လိုခြင်းမရှိ၊ အခွင့်အရေးပိုမိုရယူလိုခြင်းမရှိသော ပွင့်လင်းမြင်သာသည့် စီးပွားရေးဖိတ်ခေါ် ယှဉ်ပြိုင်စေမှုများ အဆိုပါရည်ရွယ်ချက်တွင် ပေါ်လွင်နေသည်ကို တွေ့ရပေသည်။ တစ်နည်းဆိုသော် အပြန်အလှန်လေးစားမှုများကို ရှေ့တန်းတင်သည့် လူသားချင်းစာနာထောက်ထားမှုများကို ACMECS ၏ လုပ်ငန်းစဉ်တိုင်းတွင် တွေ့မြင်ရမည်ဖြစ်၏။
၂၀၀၄ ခုနှစ် မေလ ၁၀ ရက်တွင်အဖွဲ့ဝင် ငါးနိုင်ငံမြောက်အဖြစ် ဗီယက်နမ်နိုင်ငံ ပါဝင်လာခဲ့သဖြင့် ငါးနိုင်ငံအထိရှိလာခဲ့သည်။ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာဟုဆိုသည့် အတိုင်းပင်ပါဝင်ကြသည့် နိုင်ငံများမှာလည်း မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြသည်။ ထို့နောက် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ACMECS ၏ ပထမဆုံးမိတ်ဖက်နိုင်ငံများဖြစ်လာကြသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပခဲ့သော ယင်းမိတ်ဖက်နိုင်ငံများနှင့် ACMECS ကြား Inaugural အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Joint Development Plan) များကို အတည်ပြုသတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင်ပြုလုပ်သည့် အထက်ပါအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင်လည်း ACMECS နှင့် မိတ်ဖက်နိုင်ငံများအကြား ပူးတွဲဖွံ့ဖြိုးတိုးတက်မှုစီမံချက် (Joint Development Plan - JDP) ခြောက်ခုအား အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါသည်။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS)နှင့် ပတ်သက်၍ ACMECS ထိပ်သီးအစည်းအဝေး (ACMECS Summit)၊ ACMECS ဝန်ကြီးများအစည်းအဝေး (ACMECS Ministerial Meeting)၊ ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ( Senior Official’s Meeting) နှင့် ACMECS ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF) တို့အား အလှည့်ကျကျင်းပပြုလုပ်လျက်ရှိသည်။
ACMECS အစည်းအဝေးများနှင့်စပ်လျဉ်း၍ ဗဟုသုတအနေဖြင့် မျှဝေရမည်ဆိုလျှင် ၂၀၀၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့သော ပထမဆုံးအကြိမ် ACMECS ဝန်ကြီးများ အစည်းအဝေး (ACMECS Ministerial Meeting) ကို လက်ရှိတွင်လည်း နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ACMECS အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Official’s Meeting) ကို လာအိုနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ နှစ်စဉ်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လိုအပ်ချက်အရ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ACMECS ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (ACMECS Working Group on Trade and Investment Facilitation Meeting (WGTIF) ကို ထိုင်းနိုင်ငံ၌ ကျင်းပလေ့ရှိပြီး ယင်းအစည်းအဝေးတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးကဏ္ဍနှင့် ပတ်သက်၍ ACMECS လုပ်ငန်းစီမံချက်များ၊ ဘုံစီမံကိန်းများနှင့် နှစ်နိုင်ငံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးကြခြင်းဖြစ်သည်။ ACMECS ထိပ်သီးအစည်းအဝေး (ACMECS Summit)ကို နှစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သောကြောင့် Video Conference ဖြင့်သာ ကျင်းပခဲ့ရခြင်းဖြစ်၏။ ယခု (၁၀) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ACMECS ဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင် တစ်ကြိမ်အဖွဲ့ဝင်နိုင်ငံများမှ အက္ခရာစဉ်အလိုက် အလှည့်ကျ တာဝန်ယူကြရသည်။ ထိုသို့ ဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း ACMECS ထိပ်သီးအစည်းအဝေး၊ ACMECS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၊ ခရီးသွားလုပ်ငန်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ACMECS ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင် ၃ ခု၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရ၏။ လက်ရှိ တွင် လာအိုနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရပြီး မကြာမီကျင်းပမည့် (၁၀) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းလက်ခံမည်ဖြစ်ကြောင်း သိရှိရ၏။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ လိုလားချက်အရ နေပြည်တော်ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်အရ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၊ ပို့ဆောင်ဆက်သွယ်ရေးကွန်ရက်၊ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုလုပ်ငန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုဖူလုံရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်ရှစ်ခုအား တိုးချဲ့သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ကြသည်။ အဆိုပါ နယ်ပယ်ရှစ်ခုအား အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုကဏ္ဍအား ဦးဆောင်တာဝန်ယူလျက်ရှိသည်။
ယနေ့ကမ္ဘာကြီးသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်းနေသည်။ ဒေသတွင်း၊ ဒေသအပြင်ဘက် ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်းသဖွယ် သက်ဆိုင်ရာအစုအဖွဲ့များဖြင့် စစ်ရေး၊ စီးပွားရေး၊ သဘာဝအရေး၊ စွမ်းအင်အရေး၊ နိုင်ငံရေးအင်အားစုများကို အပြိုင်အဆိုင်တည်ဆောက်လျက်ရှိနေသည်။ မည်သို့ပင် တည်ဆောက်ကြသည်ဖြစ်စေ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်မျှတမှု၊ ဟန်ချက်ညီမှု၊ ရိုးသားမှုရှိကြရန် အရေးကြီးသည်။ လူတစ်ဦး တည်းမင်းမူသော ကမ္ဘာကြီးကို မည်သူကမျှ လိုလားမည်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံအနေဖြင့် တသီးတခြား ရပ်တည်နေ၍လည်းမရ။ ကမ္ဘာကြီးနှင့် မျက်ခြည်မပြတ်ရန် လိုသည်။ ထို့ကြောင့် အပေါင်းအသင်း မိတ်ဆွေလိုသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အာဆီယံ၏ အသီးအပွင့်ရလဒ်များကို ခံစားခွင့်ရခဲ့သည်။ ထို့နောက် ၂၀၀၃ ခုနှစ်တွင် ACMECS ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ACMECS က ချမှတ်ထားသော ဦးတည်ချက်များအတိုင်း သက်ဆိုင်ရာကဏ္ဍများ အကောင်အထည်ဖော်မှု၏ နောက်ဆက်တွဲအကျိုးဖြစ်ထွန်းမှုများကို ခံစားခွင့်ရရှိစေခဲ့သည်။ ထို့ပြင် အခြားသောနိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
မဲခေါင်ဒေသတွင်းနိုင်ငံများမှ တိုင်းရင်းသားလူမှုဘဝများကို ဖွံ့ဖြိုးစေမည့် ဧရာဝတီ-ကျောက် ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Ayeyawady - Chao Phraya – Mekong Economic Cooperation Strategy- ACMECS) အဖွဲ့ကြီးသည် အပြန်အလှန်လေးစား ယုံကြည်မှု၊ စာနာနားလည်မှု၊ ညီတူညီမျှ အကျိုးစီးပွားဖြစ်ထွန်းလိုမှုတို့ဖြင့် အရှိန်အဟုန်ဖြင့် ရှေ့သို့လှမ်းချီလျက်ရှိသည်။ မကြာမီအချိန်အတွင်း မြန်မာနိုင်ငံသည်လည်း အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်ကျော့ပြန် ထမ်းဆောင်ရတော့မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အစည်းအဝေးများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဦးမည်ဖြစ်သည်။ နှစ် ၂၀ ပြည့်လွန်ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ACMECS အဖွဲ့ကြီးအနေဖြင့် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေး၊ ညီတူညီမျှရှိရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာနိုင်စေဖို့ ရည်ရွယ်ဆန္ဒပြုအပ်ပါသည်။ ။
No comments:
Post a Comment