နေပြည်တော် နိုဝင်ဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖလား ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပြိုင်ပွဲဝင်အားကစား သမားများနှင့်တွေ့ဆုံ၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းမှာကြားပြီး အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီးဦးမြင့်စိုးက အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများနှင့် အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးထွန်းနိုင်က အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ဆုရရှိသူများ ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment