Friday, November 29, 2024

(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်


ရန်ကုန် နိုဝင်ဘာ ၂၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီး ဌာနနှင့် IOM တို့ ပူးပေါင်းကျင်းပသော ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉) ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ကြိုးပမ်းဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လုပ်သားစုဆောင်း စေလွှတ်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီလိုက်နာဆောင်ရွက်ကြရန်၊ ကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြစ်စေရန်၊ စေလွှတ်ထားသည့် လုပ်သားများ၏အချက်အလက်များ စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် UMFCCI တွင် ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု(ASEAN-OSHNET Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဆုများ ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်အထိ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံငါးရုံ၊ Best Practices ဆု အတွက် စက်ရုံငါးရုံ စုစုပေါင်း စက်ရုံ ၁၀ ရုံအား ဆုချီးမြှင့်ပေးခဲ့ပြီး အာဆီယံဒေသတွင်း အဆင့် ယှဉ်ပြိုင်နိုင်စွမ်း ပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုရရှိသည့် စက်ရုံများအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက် စရာဖြစ်ပါကြောင်းပြောကြားပြီး (၅)ကြိမ်မြောက် ASEAN-OSHNET Excellence ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ ၁၀ ရုံနှင့် Best Practices ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံခြောက်ရုံတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။

ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က (၅) ကြိမ်မြောက် ASEAN-OSHNET ဆု ရွေးချယ်ရေး ကော်မတီဝင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး (၅) ကြိမ်မြောက် ASEAN-OSHNET Excellence ဆုနှင့် Best Practices ဆုရရှိခဲ့သည့် စက်ရုံများက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုများကို ပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာမြို့နယ်အတွင်းမှ အလုပ်သမားဝန်ကြီး ဌာနအောက်ရှိ ရုံးများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် လှိုင်သာယာမြို့နယ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်း ကျောင်း (NOSHC) သို့ သွားရောက်ပြီး သင်တန်းခန်းမများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် သင်တန်းကျောင်း ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ တိုင်းရင်း ဆေးကုခန်း၊ လူမှုဖူလုံရေးအဖွဲ့ ကဲဝဲလ်ဆေးခန်းတို့၏ ဆေးကုသ ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးကာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး၊ မြောက်ပိုင်းခရိုင် လူမှုဖူလုံရေးအဖွဲ့ရုံး၊ လှိုင်သာယာ (အရှ့ပိုင်း) မြို့နယ် အလုပ်သမားဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီးရုံးနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment