စာပေပညာရှင် ဆရာကြီးဒေါက်တာတိုးလှ
ရန်ကုန် နိုဝင်ဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသာစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာကြီးများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
စာပေပညာရှင်
ဆရာကြီးဒေါက်တာတိုးလှ
“ယနေ့ ခေတ်စာပေလောကအပေါ်အမြင်ပြောတဲ့အခါ စာအုပ်ဆိုင်တစ်ဆိုင်ထဲကို
အရင်ဆုံးဝင်ကြည့်ရင် ကျွန်တော်တို့ တွေ့နိုင်တယ်။ ကျွန်တော်တစ်ခါတစ်ရံ
စာပေဗိမာန်စာအုပ်ဆိုင်တို့ အခြားပုဂ္ဂလိက စာအုပ်ဆိုင်တို့ကို ရောက်ပါတယ်။ အထဲရောက်သွားတဲ့အခါ
ရောင်စုံပန်းခင်းကြီးထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။ ထွက်လိုက်တဲ့ စာအုပ်တွေ အမျိုးစုံဘာသာရပ်မျိုးစုံ
ထောင့်ပေါင်းစုံကနေရေးကြတဲ့စာအုပ်တွေ အများကြီးရှိတော့ တော်တော်ပဲပီတိကျေနပ်ဖြစ်ရပါတယ်။
ဒါကြောင့် စာရေးသူတွေဘက်ကတော့ တော်တော်လေးတာဝန်ကျေကြတယ်လို့ထင်တယ်။ စာရေးသူတွေဟာ
ဘဝပေါင်းများစွာ အခြေအနေပေါင်းများစွာထဲက ဒီစာပေတွေကို ပြုစုကြတယ်။ အဲဒီတော့
စာပေလောကကိုပြောတဲ့အခါ စာရေးသူတစ်ယောက်ထဲနဲ့မပြီးပါဘူး။ ထုတ်ဝေသူတွေရှိပါတယ်။
နောက်တစ်မျိုးက စာဖတ်ပရိသတ်ရှိပါတယ်။ အဲဒီတော့ထုတ်ဝေသူရယ်၊ စာဖတ်ပရိသတ်ရယ်
စာပေပြုစုကြတဲ့ ပညာရှင်တွေရယ် သုံးဦးသုံးဖလှယ်ပေါင်းမှ စာပေလောကဆိုတာဖြစ်တာပါ။
အဲဒါကြောင့် ဒီနေ့ခေတ်စာပေလောကဟာ ကျွန်တော့်အမြင်တော့ တော်တော်အခက်အခဲတွေထဲကပဲ တိုးတက်မြဲတိုးတက်နေတယ်လို့
စိတ်ထဲမှာ အဲဒီလိုတွေးမိပါတယ်။ နောက်တစ်ခုက ယနေ့ခေတ်လူငယ်တွေအပေါ်မှာ
စာပေဖတ်မှုနဲ့ အကြံပေးရမယ်ဆိုရင်တော့ သိပ်ကိုမလိုဘူးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့
အရင်က ဆရာကြီးဦးအောင်သင်းဆိုတာ လူတိုင်းသိကြပါတယ်။ သူက လူငယ်တွေကို စာဖတ်ဖို့ အမြဲတမ်းစေ့ဆော်ပေးခဲ့တဲ့
ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့ရဲ့ ကျေးဇူးယနေ့ခေတ်လူငယ်တွေအပေါ်မှာ တော်တော်သြဇာကြီးပါတယ်။
သူကစာဖတ်ဖို့ စာအုပ်ဟာ စာပေဟာ လူငယ်တွေရဲ့ တိုးတက်မှုအနာဂတ်အတွက်
အသက်ဖြစ်တယ်ဆိုတာကို ဦးစားပေးပြောတဲ့အတွက် လူငယ်တွေဟာ တော်တော်များများ စာဖတ်လာကြတာ
တွေ့ပါတယ်။ ရသစာပေတင်မက သုတစာပေရော၊ ဘာသာရပ်ဆိုင်ရာ၊ စီးပွားရေးစာပေတွေရော
အကုန်လုံးဘက်ပေါင်းစုံတိုးတက်နေတဲ့အထဲမှာ လူငယ်တွေဟာ သူတို့ဘဝနဲ့သင့်လျော်တာတွေကို
သူတို့ကိုယ်တိုင်ပဲ ရွေးချယ်စီမံဖတ်ရှုနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။
ဒါကြောင့် လူငယ်တွေအပေါ်လည်းပဲ ကျွန်တော်အားရမိပါတယ်။
နောက်တစ်ခုကတော့
ကျွန်တော်တစ်သက်တာ စာပေဆုရတဲ့အတွက် ဝမ်းသာမှုအကြောင်းပြောရရင်တော့ ပီတိဖြစ်တာကတော့
အမှန်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ဘဝရဲ့ လုပ်ဆောင်မှုတွေ စာပေလေ့လာမှုတွေကို
အသိအမှတ်ပြုခြင်းခံရတာလောက်ကြီးကျယ်တဲ့ ပီတိမရှိပါဘူး။ ပီတိဟာ တစ်ခါတည်းရေလှိုင်းလေးထသလိုနှလုံးသားအထိ
တစ်ကိုယ်လုံးပျံ့နှံ့ပြီး လှိုင်းကလေးတွေ ရစ်ပတ်သွားသလိုခံစားရတယ်။ အသိအမှတ်ပြုတာကိုလည်း
အင်မတန်ဝမ်းသာပါတယ်။ အဲဒီတော့ပီတိဖြစ်လို့ ဝမ်းသာတာနဲ့အတူပဲ စိတ်ထဲမှာ တာဝန်တစ်ခုပိုလာတယ်။
အများက အသိအမှတ်ပြုထားတဲ့ ဂုဏ်တွေ၊ အသိအမှတ်ပြုမှုတွေ ကျဆင်းမသွားအောင်ကျွန်တော်တို့က
ဆက်ပြီးကြိုးပမ်းသွားဖို့လိုတယ်။ ဒါ့ကြောင့် ရေးနိုင်သမျှလည်း ဆက်ပြီးရေးသားဖို့လိုသေးတယ်ဆိုတဲ့
အသိလေးခံယူချက်လေးဖြစ်ပါတယ်”ဟုပြောသည်။
ဒေါက်တာ
တိုးလှကို ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သပြေပင်ရွာတွင် အဖ ဦးအောင်သူ၊ အမိဒေါ်ပုတို့က
၁၉၃၉ ခုနှစ် နိုဝင်ဘာ ၂၅ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ ကျောင်းနေအရွယ် ငါးနှစ်သားတွင်
သပြေပင်ရွာ ကံစွယ်တိုက်(အနောက်ကျောင်း) ဆရာတော် ဦးရာဇိန္ဒထံတွင် သင်ပုန်းကြီးမှသည်
သဒ္ဒါကျမ်း တစ်စိတ်တစ်ပိုင်းထိ ဗုဒ္ဓဘာသာစာပေပညာကို စတင်သင်ယူခဲ့သည်။ စတုတ္ထတန်းကို
သပြေပင်ရွာ မူလတန်းကျောင်းမှပင် အောင်မြင်ပြီး ၁၉၅၄ - ၁၉၅၅ တွင် ပခုက္ကူမြို့ အမှတ် (၂) အစိုးရအထက်တန်းကျောင်းသို့
ပြောင်းရွှေ့ပညာသင်ကြားခဲ့ရာ ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။
ထိုနှစ်မှာပင် မန္တလေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူခဲ့ရာ ၁၉၆၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိပြီး
မြစ်ကြီးနားကောလိပ်သမိုင်းဌာန တွင် နည်းပြအဖြစ် စတင်အမှုထမ်းခဲ့သည်။
၁၉၇ဝ
ပြည့်နှစ်တွင် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သမိုင်းမဟာဝိဇ္ဇာဘွဲ့ကို (Credit) အထူးအောင်ဖြင့် အောင်မြင်ခဲ့သည်။
ထိုကာလများအတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် သမိုင်းစာပေနှင့်
ခရီးသွားဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လက်ထောက်ကထိကရာထူးတိုးမြှင့်ခံရပြီး
၁၉၇၇ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းဆောင်သည်။
ထိုကာလအတွင်း သုတေသနလုပ်ငန်းများနှင့် စာတမ်းများကို များစွာပြုလုပ်ရေးသားနိုင်ခဲ့ပြီး
မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊ တက္ကသိုလ်ပညာပဒေသာ၊ ပညာလောကဂျာနယ်များတွင်
ဖော်ပြနိုင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဖူးလ်ဗရိုက်ဖောင်ဒေးရှင်းပညာတော်သင်ဆု
Foundation (Fulbright Scholarship) ရရှိကာ
မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ၁၉၈၇ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၈
ခုနှစ်မှစ၍ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မုံရွာ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ကထိက၊
တွဲဖက်ပါမောက္ခ၊ ပါမောက္ခတာဝန်များကို ထမ်းဆောင်ရင်းသမိုင်းစာအုပ်များ
ရေးသားပြုစုခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာနသို့
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်း တွဲဖက်ထမ်းဆောင်ရသည်။
အငြိမ်းစားယူပြီးနောက်တွင် မြန်မာသမိုင်းအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌတာဝန်များကို
တာဝန်ယူထမ်းဆောင်ခဲ့ရသည်။ စာပေသုတေသနများ ဆောင်ရွက်နိုင်ခဲ့သဖြင့် အမျိုးသားစာပေဆုနှစ်ကြိမ်၊
ထွန်းဖောင်ဒေးရှင်းစာပေဆုနှစ်ကြိမ်၊ ဆရာဝန်တင်ရွှေဆု၊ ပခုက္ကူဦးအုံးဖေ
စာကြည့်တိုက်စာပေဆု များ ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်မှ
၂၀၀၈ ခုနှစ်တွင် Distinguished International Alumnus ဂုဏ်ပြု
မှတ်တမ်းလက်မှတ်ချီးမြှင့်ဂုဏ်ပြုခြင်းခံရသည်။ ယခုအခါ ရှေးဟောင်းသမိုင်းသုတေသနလုပ်ငန်းများကို
ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။
စာပေပညာရှင်ဆရာကြီး
ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)
“အခုလိုတစ်သက်တာဆု ချီးမြှင့်ခံရတဲ့အပေါ် အတိုင်းမသိဝမ်းသာပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး အသိအမှတ်ပြုတယ်လို့ပဲ ခံယူပါတယ်။
စာပေနယ်ကို
၁၉၈၅ ခုနှစ် ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းမှာ မောင်သန်းဆွေ (ထားဝယ်) အမည်နဲ့စတင်ပြီး
ထားဝယ်ရောက်ဆင်ဖြူမရှင် သမိုင်းဆောင်းပါးနဲ့ စာပေနယ်ထဲဝင်ရောက်ခဲ့တာပါ။ လုံးချင်း
စာအုပ်ပေါင်း ၄၅ အုပ် ထုတ်ပြီးပါပြီ။ ၂၀၀၇ ခုနှစ်မှာ ရတနာဂီရိနိဒါန်းစာအုပ်နဲ့
အမျိုးသားစာပေဆုရခဲ့ပါတယ်။ သုတ ပဒေသာ ဝိဇ္ဇာဘာသာရပ်အတွက်ပါ။ ၂၀၁၁ ခုနှစ်မှာလည်း
စွယ်စုံမီဒီယာဂရု(ပ်) သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်တဲ့ သုတစွယ်စုံစာပေဆု ဝိဇ္ဇာဘာသာရပ်အတွက်
ထီးသတင်းနန်းသတင်းစာအုပ်နဲ့ ရခဲ့ပါတယ်”ဟု ပြောသည်။ ဦးသန်းဆွေကို ၁၉၄၂ ခုနှစ် နိုဝင်ဘာ
၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရိုင်ရဲဝန်- ဦးစူ၊
ဒေါ်ရွှေရွှေတို့က မွေးဖွားသည့် တစ်ဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်က ထားဝယ်မြို့၌
မူလတန်းပညာများကို စတင်သင်ကြားသည်။ ရန်ကုန်မြို့ မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်း
(ယခု အထက-၁၊ ဒဂုံ)တွင် အခြေခံပညာမူလတန်းမှစ၍ ပြန်နေရပြီး အထက်တန်းအထိ
ပညာသင်ကြားခဲ့သည်။
၎င်းကျောင်းမှပင်
၁၉၆၀ ပြည့်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ
ဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ပညာရေးဌာနတွင် သုံးနှစ်ခန့်အမှုထမ်းဖူးသည်။ ထို့နောက်
အိုင်ယာလန်နိုင်ငံ ဒါဗလင်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (သမိုင်း)ရရှိခဲ့သည်။
ယနေ့အထိ
လုံးချင်းစာအုပ်ပေါင်း ၄၅ အုပ် ရေးသားပြီးပြီ။ ၂၀၀၇ခုနှစ်တွင် “ရတနာဂီရိနိဒါန်း”
စာအုပ်ဖြင့် အမျိုးသားစာပေဆုကိုသုတပဒေသာ ဝိဇ္ဇာဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၂၀၁၁
ခုနှစ် စွယ်စုံ မီဒီယာဂရု(ပ်) သုတစွယ်စုံစာအုပ်တိုက်မှ ချီးမြှင့်သော
ဆဋ္ဌမအကြိမ်မြောက် သုတစွယ်စုံစာပေဆု(ဝိဇ္ဇာဘာသာရပ်အတွက်)ကို
“ထီးသတင်းနန်းသတင်း”စာအုပ်ဖြင့် ရရှိခဲ့သည်။ ၂၀၁၁-၂၀၁၂ အထိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊
၂၀၁၂ ခုနှစ် ဩဂုတ် ၂၈ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ရက်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း
တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်ကချီးမြှင့်သော
လူမှုရေးထူးချွန်ဆု(ပထမအဆင့်)၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုတို့ကို
ရရှိခဲ့သည်။ ယခုအခါ မြန်မာသမိုင်းအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
အာကာလင်း၊
ဓာတ်ပုံ-တင်စိုး
No comments:
Post a Comment