Monday, November 25, 2024

ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံး ညီညွတ်စို့

 

မောင်သောင်းဝင်း(တမန်ဟောင်း)

၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၁၀၄)နှစ်မြောက် အမျိုးသားနေ့အခါသမယပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် သမိုင်းဝင်နေ့ထူးနေ့မြတ်များရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ဆိုသော နေ့ထူးနေ့မြတ်များရှိသည်။ ထိုသမိုင်းဝင်နေ့များအနက် နယ်ချဲ့ကိုလိုနီတို့၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့သည့်နေ့သည် အမျိုးသားနေ့ပင်ဖြစ်သည်။ စင်စစ်အားဖြင့် အမျိုးသားနေ့သည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသည့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားတက်ကြွလာစေခဲ့သည့် နေ့တစ်နေ့လည်းဖြစ်သည်။

ထီးကျိုးစည်ပေါက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်၌ ဝင့်ထည်စွာရပ်တည်နိုင်ခဲ့သည်။ သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ်ခေတ်မီစစ် လက်နက်များဖြင့် ကျူးကျော်စစ်သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထီးကျိုးစည်ပေါက်တစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။

တွန်းလှန်တိုက်ခိုက်ခဲ့

ထို့နောက် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော တိုင်းရင်းသားသူရဲကောင်းများသည် ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့တို့အား နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ သို့ရာတွင် လူ၊ လက်နက်နှင့် နည်းပညာကွာခြားမှု၊ စနစ်တကျစုဖွဲ့ လေ့ကျင့်တိုက်ခိုက်မှုမရှိသဖြင့် တိုင်းပြည်အတွက် အသက်ကိုသာ စွန့်လွှတ်ခဲ့ကြရသည်။ ထို့နောက် တိုင်းရင်းသားများအကြား မျိုးချစ်စိတ်ဓာတ်နိုးကြားလာသဖြင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း စသည့်အဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာ မြန်မာ့လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းလာခဲ့ပါသည်။

ကျွန်သက်ရှည်ရန်ကြံစည်

ဤနေရာတွင် နယ်ချဲ့တို့၏ အကောင်းဆုံးလက်နက်သည် ကိုလိုနီနိုင်ငံရှိ ပြည်သူများကို ပညာရည်အဆင့်အတန်းနိမ့်ပါးအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီတို့ သိမ်းပိုက်ပြီးစအချိန်တွင် မြန်မာလူမျိုးတို့၏ စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ သို့သော် ၃၅ နှစ်ခန့် ကြာပြီးနောက် စာတတ်မြောက်မှုနှုန်း သည် ၃၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် သီးခြားတက္ကသိုလ်မရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုသာရှိခဲ့သည်။

ထို့ပြင် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၂ဝ ပြည့်နှစ် ဇွန်လတွင် ပညာရေးစနစ်သစ်တက္ကသိုလ် အက်ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေတွင် အဓိကအချက် ၆ ချက်ပါရှိသည်။ ထိုအချက်အားလုံးသည် မြန်မာကျောင်းသားများကို ကန့်သတ်ချုပ်ချယ်ပြီး အဆင့်အတန်းခွဲခြားထားသည်။ ကျွန်သက်ရှည်စေရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။ ဆိုရလျှင် ထိုဥပဒေသည် ငွေကြေးတတ်နိုင်သူ လူနည်းစုကိုသာ တက္ကသိုလ်ပညာသင်ကြားခွင့်ရရှိစေပြီး ပညာထူးချွန်သော်လည်း ငွေကြေးမတတ်နိုင်သည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် လက်လုပ်လက်စားအောက်ခြေ လူတန်းစားများ၏ သား၊ သမီးများကို ပညာဆက်လက်သင်ကြားခွင့်မရရှိနိုင်အောင် ချုပ်ချယ်ကန့်သတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ အဆင့်အတန်းခွဲခြားထားသည့် ထိုဥပဒေကို ကောလိပ်ကျောင်းသားများအပါအဝင် ပြည်သူအားလုံးက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ မည်သို့ပင် ကန့်ကွက်နေစေကာမူ မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက် ဒေါက်ကမြန်မာများသည် ပညာရေးအကြောင်း နားမလည်ဟုဆိုပြီး တောင်းဆိုချက်များကို လျစ်လျူရှုကာ ထိုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

ကန့်ကွက်သပိတ်မှောက်

ထို့ကြောင့် ကောလိပ်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရွှေတိဂုံရင်ပြင်၌ တိုင်ပင်ဆွေးနွေးကြပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကောလိပ်နှစ်ခုစလုံးက သပိတ်မှောက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေကျင်တိုက်ဆရာတော်ဦးအရိယ ကျောင်းတိုက်၌ ကျောင်းသားအစည်းအဝေးပွဲကြီး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေး၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တက္ကသိုလ်ကို သပိတ်မှောက်ရန်၊ ပညာရေးဥပဒေပြုပြင်ပေးရေးအတွက် တောင်းဆိုသွားရန်နှင့် တောင်းဆိုချက်များ မပေးသမျှ ကာလပတ်လုံးကျောင်းပြန်မတက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြသည်။

မူလက ဒီဇင်ဘာလ ၇ ရက်နေ့တွင် သပိတ်မှောက်ရန် စီစဉ်ထားသော်လည်း အခြေအနေပြောင်းလဲသွားသဖြင့် ဒီဇင်ဘာလ ၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုစဉ်က ကျောင်းသားခေါင်းဆောင် ကိုဘဦးကိုယ်တိုင် လက်မှတ်ထိုး၍ ကျောင်းသားကြေညာချက်ကို ဘုရင်ခံထံပေးပို့ခဲ့သည်။ ထိုကြေညာချက်သည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပါအချက်များကို ကန့်ကွက်ထားသည့် စာဖြစ်သည်။ ဘုရင်ခံထံမှ အကြောင်းပြန်ကြားခြင်း မပြုသဖြင့် ကျောင်းသားများသည် သပိတ်စခန်းတွင် အမျိုးသားကျောင်းများတည်ထောင်ရန် ဂျီစီဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများသည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်ခဲ့ကြသည်။ ထိုသပိတ်သည် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံအား မတရားသိမ်းပိုက်ပြီးနောက် လွတ်လပ်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်းပျံ့နှံ့သွားခဲ့သည်။ ထို့ပြင် ထိုသပိတ်ကို အခြေခံပြီး ထွက်ပေါ်လာသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရယူတည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲကိုလည်း အောင်မြင်အောင် ဆင်နွှဲနိုင်ခဲ့သည်။

တစ်နိုင်ငံလုံးကထောက်ခံ

ထိုစဉ်က တက္ကသိုလ်သပိတ်ကို တစ်နိုင်ငံလုံးက ထောက်ခံခဲ့ကြသည်။ ထိုအက်ဥပဒေသည် တက္ကသိုလ်ကျောင်းသားများအပြင် တက္ကသိုလ်တက်မည့် ကျောင်းသားများကိုပါ ထိခိုက်သဖြင့် အထက်တန်းကျောင်းသားများကလည်း သပိတ်မှောက်ခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၂၁ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။ အမျိုးသားပညာရေး ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ အောင်မြင်မှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့သည်။

ဆိုရလျှင် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်ကြောင့် ပညာရေးအမြတ်များ ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် ပြည်သူလူထုအတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ တစ်ဟုန်ထိုးပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ကျောင်းသားသပိတ်သည် မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တော်လှန်ရေးအောင်ပွဲဟုလည်း ဆိုနိုင်ပေသည်။ ထိုသပိတ်ကြီးက မွေးထုတ်ပေးလိုက်သော အမျိုးသားနေ့စိတ်ဓာတ်ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးကို အတိအလင်းဖော်ပြသည့် တောင်သူလယ်သမား၊ အလုပ်သမားသပိတ်များနှင့် ၁၃ဝဝ ပြည့် အရေးတော်ပုံများ ဆက်တိုက်ပေါ်ထွက်ခဲ့သည်။

အမျိုးသားနေ့သတ်မှတ်

၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသည့် ဂျီစီဘီအေပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသားနေ့သတ်မှတ်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ထိုညီလာခံတွင် တချို့က သီပေါဘုရင်ပါတော်မူသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ကို အကြံပေးခဲ့ကြသည်။ တချို့က ဦးဥတ္တမအဖမ်းခံရသောနေ့ကို အကြံပေးကြသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က နယ်ချဲ့ကို ပထမဆုံးတော်လှန်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့သည်။

ထို့နောက် ဂျီစီဘီအေအသင်းကြီးသည် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ပြုလုပ်သည့် အထူးအစည်းအဝေးကြီး၌ ကောလိပ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ (National Day) အဖြစ် တညီတညွတ်တည်းဆုံးဖြတ်သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ နှစ်စဉ် ထိုနေ့၊ ထိုရက် ရောက်ရှိလျှင် အမျိုးသားနေ့အခမ်းအနားများ ကျင်းပလာခဲ့သည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားနေ့အောင်ပွဲ

ဆိုရလျှင် အမျိုးသားရေးစိတ်ဓာတ်သည် တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်သောစိတ်ဓာတ်ပင်ဖြစ်သည်။ တစ်နိုင်ငံတည်းနေ၊ တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ထာဝစဉ်သယ်ပိုးသွားလိုသည့် စိတ်ဓာတ်ပင်ဖြစ်ပေသည်။ အမှန်စင်စစ်မှာမူ ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် ရှေးပဝေဏသီကတည်းကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ဆိုးတူကောင်းဖက် လက်တွဲနေထိုင်လာခဲ့ကြသည်မှာ ငြင်းဆို၍မရသော ပကတိအရှိတရားပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်များသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်တမျှ အရေးပါလှသော ထိုစိတ်ဓာတ်မျိုးကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ပေသည်။

တိုင်းရင်းသားညီအစ်ကိုများသည် နယ်ချဲ့လက်အောက်ရောက်ခဲ့သည့်တိုင်အောင် အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံကာ လွတ်လပ်ရေးရရှိသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ လွတ်လပ်ရေးအတွက် အရေးပါသည့် အမျိုးသားနေ့၏ အနှစ်သာရကို မျိုးဆက်သစ်လူငယ်များအကြား အမှတ်ထင်ထင်ရှိနေရန်လည်း လိုအပ်ပေသည်။ သို့မှသာလျှင် မိမိတိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်နှင့် အချုပ်အခြာအာဏာ၏ အရေးပါမှုတို့ကို တန်ဖိုးထားတတ်လာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်သစ်တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်တက်ကြွလာစေရန်နှင့် လွတ်လပ်ရေးအတွက် သန္ဓေတည်ပေးခဲ့သော အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့ကို အမြဲတစေသတိရတန်ဖိုးထားသွားရန် လိုအပ်သည်။

လက်နက်စွဲကိုင်နေဆဲ

အမှန်တော့ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ အတူတကွနေခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများသည် နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲမှုကို ခံခဲ့ကြရသည်။ အကျိုးဆက်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုများ၏ ရင်ထဲတွင် သာတူညီမျှအခွင့်အရေးမရရှိကြဘူးဆိုသော အမြင်သဘောထားပင် ဖြစ်သည်။ ထိုသဘောထားကြောင့် တိုင်းရင်းသားညီအစ်ကိုများသည် ယနေ့အချိန်အထိ စိတ်ဝမ်းကွဲပြားနေကြဆဲ၊ လက်နက်စွဲကိုင်နေကြဆဲပင်ဖြစ်သည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့

စည်းလုံးညီညွတ်မှုသည် တိုင်းရင်းသားညီအစ်ကိုများအတွက် အသက်တမျှအရေးပါလျက်ရှိသည်။ ရှေးယခင်ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ အေးအတူပူအမျှ၊ အတူတကွနေထိုင်ခဲ့သော ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် နယ်ချဲ့ကိုလိုနီတို့၏ သပ်လျှိုသွေးခွဲခြင်းကို ခံခဲ့ရသည်။ လွတ်လပ်ရေးမရမီကတည်းက စိတ်ဝမ်းကွဲခဲ့ရာ ယနေ့အချိန်အထိပင်ဖြစ်သည်။

ထို့ကြောင့် တစ်ခုတည်းသောအဖြေသည် ညီနောင်တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုရရှိအောင် တည်ဆောက်ခြင်းပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ထုဆစ်ပုံဖော်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့ အချိန်တန်နေပြီဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။      

No comments:

Post a Comment