Monday, November 25, 2024

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ တည်းခိုနေထိုင်မှု ကြည့်ရှုစစ်ဆေး


 

နေပြည်တော် နိုဝင်ဘာ ၂၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ တည်းခိုနေထိုင်ရန် နေရာချထားသည့် အိပ်ဆောင်များသို့ သွားရောက်ကာ အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးပြီး တည်းခိုနေထိုင်စဉ် သတ်မှတ်ထားသော အိပ်ဆောင်စည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျတည်းခိုနေထိုင်ကြရန်၊ အားကစားပြိုင်ပွဲများ အောင်နိုင်ရေးကိုသာ ဦးစားပေးကြိုးစားကြရန်၊ တာဝန်ရှိသူများကလည်း အိပ်ရာနှင့် အသုံးအဆောင်ပစ္စည်းများကို လုံလောက်မှုရှိအောင် ထုတ်ပေးကြရန် မှာကြားသည်။

ထို့နောက် စားရိပ်သာများသို့ သွားရောက်ပြီး စားရိပ်သာအတွင်း၊ အပြင်သန့်ရှင်းသပ်ရပ်မှုရှိရေး၊ လုံခြုံရေးစနစ်တကျထားရှိရေး၊ ချက်ပြုတ်ကျွေးမွေးမည့် အစားအစာကုန်ကြမ်းများ ဂိုဒေါင်များ၌ စနစ်တကျသိုလှောင်ထားရှိရေးနှင့် အရည်အသွေးကောင်းမွန်မှုရှိရေး၊ သန့်ရှင်းသောသုံးရေများ စနစ်တကျစီမံထားရှိရေး၊ ဧည့်ခံကျွေးမွေးမည့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျထားသိုသိမ်းဆည်းရေးနှင့် သန့်ရှင်းစင်ကြယ်မှုရှိအောင် ပြင်ဆင်ကြရေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တည်းခိုဆောင်များ၌ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်လာပါက အရေးပေါ်အရန်မီးစက်ဖြင့် လျှပ်စစ်မီးရရှိရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သောက်သုံးရေနှင့် ဧည့်ခံကျွေးမွေးရေးပစ္စည်းများ၊ အစားအစာကုန်ကြမ်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment