စစ်တွေ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လောကာနန္ဒာစေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လောကာနန္ဒာစေတီတော် မြတ်ကြီးရင်ပြင်၌ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဥက္ကဋ္ဌပါဝင်သော အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အဆိုပါအဖွဲ့မှ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်းကို စနစ်တကျ သပ်ရပ်စွာဖြင့် ရေရှည်တည်တံ့ကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ရင်ပြင်တော်ပေါ်တွင် လက်ရှိခင်းထားသော ကျောက်ပြားများသည် ၁၉၉၅ ခုနှစ်က ခင်းထားခဲ့သော ကျောက်ပြားများဖြစ်သည့်အတွက် ရာသီဥတုဒဏ်များကြောင့် ပျက်စီးမှုများရှိနေပြီဖြစ်ကြောင်း၊ အသစ်ထပ်မံခင်းမည့် အပေါ်လွှာအတွက် နေပူခံကျောက်ပြားနှင့် အောက်ခံလွှာအတွက် နေပူခံကျောက်ပြား ၁၈၆၉၈၀ ချပ် ရောက်ရှိပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌ မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော် (၂) ဆောင် ဆောက်လုပ်နိုင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်ပြင်တော်ကျောက်ပြားခင်းခြင်းလုပ်ငန်းနှင့် ဆင်းတုတော် (၂) ဆူ ကိန်းဝပ်အပူဇော်ခံမည့် ကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးပါက ဘုရားဖူးပြည်သူများအတွက် စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်မည်ဖြစ်ကြောင်း၊ နေပူခံကျောက်ပြား ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသူများအနေဖြင့်လည်း ကုသိုလ်စိတ်ဖြင့်စနစ်တကျ သပ်သပ်ရပ်ရပ် ရေရှည်တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ပေးစေကြလိုကြောင်း၊ ကျောက်ပြားဟောင်းများ ပြန်ခွာရာတွင်လည်း ပျက်စီးမှုအနည်းဆုံးဖြင့် ခွာယူပေးစေလိုကြောင်း၊ အများပြည်သူက နေပူခံကျောက်ပြား ခင်းခြင်းလုပ်ငန်းအတွက် အလှူငွေများထည့်ဝင်လိုပါက ထည့်ဝင်နိုင်ရေး လောကာနန္ဒာစေတီတော်တွင် စီစဉ်ဆောင်ရွက် ပေးထားစေလိုကြောင်း၊ ရင်ပြင်တော်ကျောက်ပြားခင်းခြင်းလုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်မည့် အဖွဲ့အားရွေးချယ်ရာတွင် အမှန်တကယ်ကျွမ်းကျင်ပြီး စစ်ဆေးကြပ်မတ်မှုကို ခံယူနိုင်သည့် အဖွဲ့များကိုသာ လုပ်ငန်းအပ်နှံသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌ နေပူခံကျောက်ပြားခင်းခြင်း ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးက နေပူခံကျောက်ပြား များခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး၊ တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment