ရွှေသင် (MPP)
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုဆိုသည်မှာ
“ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး” ဝေါဟာရကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ပြည်သူလူထု (Public) နှင့် စီမံအုပ်ချုပ်ရေး( Administration)ဟူ၍ တွေ့ရပြီး ပြည်သူလူထုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်း နေထိုင်ကြသော လူအများကိုဆိုလိုသည်။ Administration စကားလုံးသည် လက်တင်ဝေါဟာရ “ad ministare” မှ ဆင်းသက်လာပြီး အမှုဆောင်ရန်၊ စေခိုင်းမှုကိုလုပ်ဆောင်ရန် သို့မဟုတ် စီမံပေးရန်ဟူ၍ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု (Public Administration) ဆိုသည်မှာ ပြည်သူလူထု၏ အရေးကိစ္စများနှင့်ပတ်သက်၍ အမှုဆောင်ပေးရန်၊ စီမံခန့်ခွဲလုပ်ဆောင်ပေးရန်ဖြစ်သည်ဟု ဆိုရပေမည်။
“ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု” အဓိပ္ပာယ်ဖွင့်ဆိုချက်
အမျိုးမျိုးနှင့် အယူအဆများ
နိုင်ငံတစ်ခု၏ နယ်နိမိတ်အတွင်း နေထိုင်ကြသော အများပြည်သူလူထု၏ အရေးကိစ္စအမျိုးမျိုးနှင့် သက်ဆိုင်သောကြောင့် ကျယ်ပြန့်လွန်းသည့် နယ်ပယ်ဖြစ်သဖြင့် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စာကြောင်းတစ်ကြောင်းတည်းဖြင့် ဖော်ပြရန်မဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ပညာရှင်မဟုတ်သော သာမန်ပြည်သူများအတွက်မူ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုဆိုသည်မှာ ပြည်သူ့ရေးရာဝန်ဆောင်မှုများကို စီမံခန့်ခွဲပေးခြင်းဖြစ်သည်ဟု သဘောပေါက်ထားကြသည်။ အိန္ဒိယနိုင်ငံတက္ကသိုလ် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာန ပါမောက္ခတစ်ဦးဖြစ်ခဲ့ဖူးသူ Mrs. Ramki Basu က ၎င်း၏ Public Administration : Concepts and Theories စာအုပ်ထဲ၌ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု (Public Administration)သည် အစိုးရယန္တရားအဆင့်အသီးသီး၌ တည်ရှိသော ပြည်သူလူထု၏ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် မည်သို့သော အုပ်ချုပ်ရေးအမျိုးအစားပင်ဖြစ်စေ Public Administration ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
အချို့သောသုတေသီများကမူ ပြည်သူ့ရေးရာမူဝါဒ(Public Policy)ဆိုင်ရာ ဖြည့်ဆည်းမှုအတွက် အစိုးရလုပ်ဆောင်မှုများအားလုံးသည် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုဖြစ်သည်ဟု ပိုမိုကျယ်ပြန့်သော အမြင်ဖြင့်ပုံဖော်ကြသည်။ အချို့ကလည်း အစိုးရ၏အုပ်ချုပ်ရေးကဏ္ဍနှင့်သာ သက်ဆိုင်သည့် လုပ်ဆောင်ချက်များဟု ယူဆလျက်ကျဉ်းမြောင်းသောရှုထောင့်ဖြင့် ဖော်ပြကြသည်။ လူသိများ ထင်ရှားသောတွေးခေါ်ပညာရှင်အချို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လေ့လာရာတွင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုသည် ၎င်းတို့အလေးထားသောရှုထောင့် များအပေါ်မူတည်၍ ကွဲပြားခြားနားသော အယူအဆများရှိနေကြောင်း ထင်ဟပ်ပေါ်လွင်နေသည်။
အယ်လ်ဒီဝှိုက် (LD White:1955) က ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုတွင် ပြည်သူ့ရေးရာမူဝါဒများကို လိုက်နာလုပ်ဆောင်စေခြင်း သို့မဟုတ် ရည်ရွယ်ချက် ဖြည့်ဆည်းမှုအတွက် လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များအားလုံး ပါဝင်သည်ဟု လေ့လာတွေ့ရှိထားသည်ဟုဆိုသည်။ ဝုဒရိုးဝီလ်ဆင် (Woodrow Wilson:1889) အရမူဥပဒေကို “ပြည်သူ့အုပ်ချုပ်ရေးသည် ဥပဒေများကို အသေးစိတ် စနစ်တကျအသုံးချခြင်းဖြစ်သည်ဟု ယူဆသည်။ ဥပဒေတစ်ရပ်ကို သီးခြားကျင့်သုံးမှုတိုင်းသည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်ဖြစ်သည် ဟုလည်းဆိုသည်။ အမ်အီးဒီမော့ခ် (M. E. Dimock) ရေးသားဖော်ပြချက်အရ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုသည် အရေးယူဆောင်ရွက်ရသည့်ဥပဒေ စသည်ဖြင့် စွမ်းဆောင်ရည်ရှိသော အာဏာပိုင်များက ကြေညာထားသည့်အတိုင်း ပြည်သူ့ရေးရာမူဝါဒကို လိုက်နာလုပ်ဆောင်စေခြင်း သို့မဟုတ် အများပြည်သူ စိတ်ကျေနပ်မှုပြည့်စုံစေရန် ဖြည့်ဆည်းခြင်းဖြစ်သည်။ တစ်နည်းဆိုသော် အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍကို ဆိုလိုသည်ဟု ယူဆထားသည်။
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုလုပ်ငန်းသည် အုပ်ချုပ်ရေးကဏ္ဍလုပ်ဆောင်မှုများ သို့မဟုတ် အုပ်ချုပ်ရေးနယ်ပယ်ခွဲ လုပ်ဆောင်မှုများနှင့် ထပ်တူကျကြောင်းဖွင့်ဆိုရှင်းပြသည့် ဆိုင်မွန် (Simon) ကဲ့သို့ စာရေးဆရာများလည်းရှိသည်။ ဂျေအမ်ဖစ်နာ (J .M. Pfiffner:1946) ကဲ့သို့ တွေးခေါ်ပညာရှင်များမှာမူ ပေါင်းစည်းလုပ်ဆောင်သည့် အခန်းကဏ္ဍကို ပို၍အလေးပေးကြသည်။ ၎င်း၏အမြင်တွင် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင် များရောက်ရှိစေရေးအတွက် အတူတကွလုပ်ဆောင်နိုင်ရန်အလို့ငှာ ပြည်သူလူထု၏ အားထုတ်မှုကို အဆက်အစပ်၊ အချိတ်အဆက်မိမိ ပေါင်းစည်းပေးခြင်းဖြင့် အစိုးရ၏ လုပ်ငန်းတာဝန်များ ပြီးမြောက်စေခြင်းဖြစ်သည်ဟုဆို၏။
အက်ဖ် အေ နီဂရိုး (F.A Nigro:1970)၏ အမြင်
အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန၌ ဂုဏ်ထူးဆောင်ပါမောက္ခတာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အက်ဖ်အေနီဂရိုး (F.A Nigro) ၏အမြင်သည် ဖော်ပြခဲ့သောအမြင်များ ထက် ပိုမိုပြည့်စုံသည်ဟု ဆိုကြသည်။ (၎င်းသည် Public Administration နယ်ပယ်ကို ကနဦးလေ့လာ ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်ပြီး သက်ဆိုင်သည့် ဆောင်းပါး၊ စာအုပ်များစွာ ရေးသားခဲ့သူလည်းဖြစ်ပြီး ၂၀၀၃ ခုနှစ် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းက ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများသည် ရှေ့တွင်ဖော်ပြထားသော လုပ်ငန်းရပ်များသာမက နိုင်ငံရေး၊ လူမှုရေးစနစ်များနှင့် ဆက်နွှယ်ပတ်သက်နေသည့်ကိစ္စများအားလုံး ပါဝင်သည်ဟုဆိုသည်။) နီဂရိုးက ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကို အများပြည်သူဆိုင်ရာအခင်းအကျင်းတစ်ခုတွင် ပေါင်းစည်းလုပ်ကိုင်နေသည့် အုပ်စုလိုက်အားထုတ်မှုဟုလည်းကောင်း၊ စီမံခန့်ခွဲမှု၊ ဥပဒေပြုမှုနှင့် တရားစီရင်ရေးကိစ္စရပ်များ လွှမ်းခြုံပါဝင်ပြီး ထိုနယ်ပယ်သုံးရပ်နှင့် ဆက်စပ်မှုရှိသည့်အခြေအနေဟုလည်းကောင်း၊ ပြည်သူ့ရေးရာမူဝါဒများချမှတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး နိုင်ငံရေးဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းဟူ၍လည်းကောင်း ဖော်ပြထားသေးသည်။
ဂါရေးကေဒန် (Gerald Caiden)၏အမြင်
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ပညာရပ်၏ သတ်မှတ်ချက်၊ လွှမ်းခြုံမှုနယ်ပယ် အကျယ်အဝန်း များကို လေ့လာဖော်ထုတ်ခဲ့ကြသော ပညာရှင်၊ သုတေသီများအနက် Gerald Caiden သည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ ၎င်းသည် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုနှင့် ဆက်စပ်မှုရှိသော စာအုပ်၊ စာတမ်း၊ ဆောင်းပါးများစွာရေးသားခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် Australia National University ၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၉၄-၂၀၀၄ ကာလများ၌ ကုလသမဂ္ဂ၌ Public Administration နှင့် Development နယ်ပယ်ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ Gerald Caiden က ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုသည် အောက်ပါနယ်ပယ်များနှင့်သက်ဆိုင်မှုရှိကြောင်း ဖော်ထုတ်ထားခဲ့သည်။
(၁) အစိုးရ၏ နိုင်ငံရေးမူဝါဒများကို လိုက်နာအကောင်အထည်ဖော်ရခြင်း၊
(၂)
နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊
(၃)
အစိုးရ၏ လူမှုစီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တည်ငြိမ်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းပံ့ပိုးပေးခြင်း၊
(၄)
ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဝန်ဆောင်မှုများကို စီမံကြီးကြပ်ပေးခြင်း၊
(၅)
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် နယ်ပယ်အသီးသီးရှိ အကောင်အထည်ဖော်မည့်
ကိစ္စများကို ဆောင်ရွက်ပေးခြင်း၊
(၆)
လူ့အဖွဲ့အစည်းအတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများအတွက် ကာကွယ်စောင့်ရှောက်မှုပေးခြင်း၊
(၇)
အများပြည်သူ၏ သဘောထားဆန္ဒများကို တောင်းခံရန်လိုအပ်သည့်အခါ ဆောင်ရွက်ပေးရခြင်း၊
(၈)
အစိုးရကချမှတ်ထားသော ပြည်သူ့ရေးရာမူဝါဒများနှင့် နိုင်ငံရေးအရလားရာအခြေအနေများ ပြည်သူလူထုအကြား
လွှမ်းမိုးမှုရှိစေရန် ဆောင်ရွက်ပေးရခြင်းတို့ဖြစ်သည်ဟု ဆိုသည်။
အားလုံးနှင့် ရင်းနှီးကျွမ်းဝင်လာသည့် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု
ယနေ့အချိန်တွင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုပညာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကို တာဝန်ယူစီမံအုပ်ချုပ်နေသည့် အစိုးရတစ်ရပ်၏ စီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်မှုဖြစ်သည်ဟု ယေဘုယျ သဘောပေါက်နေကြပြီဖြစ်သည်။ ခေတ်မီလာသောပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုနယ်ပယ်အတွင်း၌ လုပ်ငန်းတာဝန်များသည် တဖြည်းဖြည်းပို၍ပို၍ များပြားလာနေ သည်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ဘဏ္ဍာငွေကြေးကောက်ခံခြင်းများ၊ လုံခြုံရေးတာဝန်များအပြင် အများပြည်သူနှင့်သက်ဆိုင်သည့် ဥပဒေရေးရာကိစ္စများ လုပ်ဆောင်ပေးခြင်း၊ အမျိုးမျိုးသောပြည်သူ့ရေးရာဝန်ဆောင်မှုများ ဖြည့်ဆည်းပံ့ပိုးပေးမှုများလည်း ပါဝင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံ လူ့အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုသည် အဓိကကျသော ကိရိယာဖြစ်လာသည်။ ဆိုရှယ်လစ်စနစ်ကျင့်သုံးသည့်နိုင်ငံများတွင် ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုနယ်ပယ်သည် နိုင်ငံသားအားလုံး၏ စားဝတ်နေရေး၊ ပညာရေးမှစ၍ နောက်ဆုံးအပန်းဖြေနားနေမှုများအထိ ဘဝအခြေအနေအားလုံးနှင့် အကျုံးဝင်ပတ်သက်နေသည်။ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည့်နိုင်ငံများတွင်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်ပေးနိုင်ရေးအတွက် အရေးကြီးသည့်ယန္တရားဖြစ်လာသည်။
ထို့ကြောင့် မည်သည့်စနစ်ပင် ပြောင်းလဲကျင့်သုံးလာစေကာမူ လူ့အဖွဲ့အစည်းအတွင်း အကြောင်းအရာ မျိုးစုံရှုပ်ထွေးဆက်နွှယ်လာမှု၊ ဇောက်ချအထူးပြုလုပ်ကိုင်မှုများနှင့် ကွဲပြားခြားနားမှုများ ယခင်ကထက်ပိုမိုများပြားလာမှုနှင့်အတူ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၏ နယ်ပယ်နှင့်အရေးပါမှုသည်လည်း ပို၍ကြီးမားလာခဲ့သည်။ တိုးတက်လာသော သိပ္ပံနှင့် နည်းပညာအပါအဝင် နယ်ပယ်မျိုးစုံပြောင်းလဲလာသောအခြေအနေများကြောင့် နိုင်ငံအစိုးရများသည် နိုင်ငံသူ နိုင်ငံသား ပြည်သူလူထု၏ မျှော်လင့်ချက်များ ယခင်ကထက် ပိုမိုမြင့်မားလာမှုကို ရင်ဆိုင်နေကြရသည်။
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု လုပ်ငန်းတာဝန်များသည်လည်း စွမ်းဆောင်ရည်မြင့်မားရေး၊ တန်းတူညီမျှမှုဖြစ်စေရေး၊ လျင်မြန်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများဖြင့် များပြားလာခဲ့သည်။ နိုင်ငံကိုတာဝန်ယူစီမံခန့်ခွဲအုပ်ချုပ်နေရသည့် အစိုးရများ၏ အခန်းကဏ္ဍသည်လည်း ပိုမိုကြီးမားလာနေပြီး ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု အခန်းကဏ္ဍသည်လည်း ယခင်ကာလများကထက် ပိုမိုကြီးမားလာခဲ့ကြသည်။ ထို့အတူ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုပညာကိုလည်း ယခင်ကာလများထက် ပိုမိုလေ့လာလိုက်စားမှုများ ရှိနေကြပြီဖြစ်သည်။
မြန်မာ့လူအဖွဲ့အစည်းအတွင်းရှိ ခေတ်ပညာတတ်လူငယ်များ
နိုင်ငံ့ဝန်ထမ်းများကလည်း ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုပညာကို စိတ်ဝင်စားမှု ပိုမိုများပြားလာသဖြင့် မုံရွာစီးပွားရေးတက္ကသိုလ်က ၂၀၀၀ ပြည့်နှစ်မှစ၍ Master of Public Administration (MPA) ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုပညာ မဟာဘွဲ့သင်တန်းကို ဖွင့်လှစ်ပေးလျက် ပညာရပ်ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်စေရေးအတွက် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ ယနေ့အချိန်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် သမဝါယမနှင့်စီမံခန့်ခွဲပညာတက္ကသိုလ် (စစ်ကိုင်း)တို့တွင်လည်း ဖွင့်လှစ်လျက်ရှိနေပြီဖြစ်သည်။
ကျယ်ပြန့်လာသော ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု
အကျဉ်းချုပ်ဆိုရလျှင် ကျယ်ပြန့်လှသော ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုနယ်ပယ်တွင် အောက်ပါနယ်ပယ်များ၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်နေသည်ဟု လက်ခံရပေမည်။
- ပြည်သူ့ရေးရာမူဝါဒများကို ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ (Formulation and implementation of public policies)
-
အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်ခြင်း၊ (Being the excutive branch of
government)
-
အုပ်ချုပ်ရေးယန္တရားနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းမှုများနှင့် သက်ဆိုင်ခြင်း၊
(Organizational structures and machinery of administration )
-
အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့် သက်ဆိုင် ခြင်း၊ (administrative processes)
-
ဗျူရိုကရေစီယန္တရားနှင့် လုပ်ဆောင်မှုများနှင့် သက်ဆိုင်ခြင်း၊ (Bureaucracy and
its activities)
-
အုပ်စုလုပ်ဆောင်ချက်များ သို့မဟုတ် လူမှုရေးအရ ဆက်ဆံမှုများညှိနှိုင်းဆောင်ရွက်မှုများနှင့်
သက်ဆိုင်ခြင်း၊
-
အဖွဲ့အစည်းများနှင့် ၎င်းတို့၏ဝန်းကျင်ကြား အပြန်အလှန် ဆက်စပ်မှုများနှင့် သက်ဆိုင်ခြင်း၊
နိဂုံး
ယနေ့ကမ္ဘာတွင်
ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု နယ်ပယ်သည် ယခင်ကာလများထက် ပိုမိုကျယ်ပြန့်လာသကဲ့သို့
မြန်မာ့လူ့အဖွဲ့အစည်းထဲတွင်လည်း နိုင်ငံ့အစိုးရဌာနများက ပြည်သူလူထု၏ လိုအင်ဆန္ဒများကို
ဖြည့်ဆည်းဆောင်ရွက်ပေးကြရသည့် ပြည်သူ့ရေးရာကိစ္စရပ်များ တစ်နေ့တခြားပိုမိုများပြားလာလျက်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ အခြေအနေတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်
“ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး” မျှော်မှန်းချက်ထားလျက်
ဌာနဝန်ထမ်းများကို စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ သစ္စာစောင့်သိမှု၊
စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှုဟူသော စံ(၅)ရပ်ဖြင့် ပြုစုပျိုးထောင်ကာ တရားဥပဒေစိုးမိုးရေး၊
ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး ရည်မှန်းချက်များဆီသို့
မမှိတ်မသုန် ချီတက်လျက်ရှိနေပါကြောင်း ဖော်ညွှန်းဂုဏ်ပြုရေးသားလိုက်ရပေသတည်း။ ။
No comments:
Post a Comment