Wednesday, November 27, 2024

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားနံရံနှင့် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေး အကြိုစစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများအတွက် ကွင်းဆင်းစစ်ဆေး


မြစ်ကြီးနား နိုဝင်ဘာ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုနှစ်ဇွန်လ ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေစံချိန်တင် မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ဖြင့် မြို့ဧရိယာအားလုံးနီးပါး ရေကြီးနစ်မြှုပ်ခဲ့သောကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရေ အမြင့်ဆုံး စံချိန်တင်ကြီးမြင့်ခဲ့သည့် ရေအမှတ်အားအခြေခံ၍ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားတမံများနှင့် ‌အဓိကရေဝင်ပေါက်များတွင် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေးအတွက် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့သည်။










ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်နေရာ၌ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မန်ခိန်ရပ်ကွက်မှ ပမ္မတီးရပ်ကွက်ထိ မြို့၏ မြစ်ရေနှင့် ထိစပ်သည့်ဧရိယာ အရှည်ပေ (၆၇၃၉၀)ပေ (၁၂ ဒဿမ ၇၆) မိုင်အတွင်းတည်ဆောက်ပြီး ရေထိန်းတမံများနှင့် အသစ်တည်ဆောက်သွားမည့် ရေထိန်းတမံများ၊ ရေတံခါးများနှင့် စပ်လျဉ်း၍ ဘဏ္ဍာနှစ်အလိုက်/ အပိုင်း (၆) ပိုင်းခွဲ၍ ဆောင်ရွက်သွားမည့် အစီအမံများအပေါ် ဦးစားပေးအလိုက် တည်ဆောက်နိုင်ရေး အကြိုတိုင်းတာစစ်ဆေးခြင်းနှင့် ဘဏ္ဍာငွေတွက်ချက်ခြင်းလုပ်ငန်း ကနဦးတင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အဆိုပါ မြစ်ကမ်းပါးမှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် နန်းသီတာဆိပ်ကမ်းမှ အင်ဂျန်းချောင်းဆုံ နေရာအထိ မြို့၏စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအထက် အမြင့်ဆုံး မြင့်တက်မှုသည့် အတိုင်းအတာအထက် ၂၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတား အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ဦးစားပေးအသစ်တည်ဆောက်သွားမည့် ကမ်းထိန်းတမံများ၊ တည်ဆောက်ပြီး ကမ်းထိန်းတမံများပေါ်တွင် သတ်မှတ်ရေအမြင့်ထိ ရေထိန်းနံရံထပ်ပိုး ဆောင်ရွက်သွား မည့် အစီအစဉ်များကို လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ အင်ဂျန်းခချောင်းဆုံနေရာ၌ ရေထိန်းတံခါးတည်ဆောက်နိုင်ရေး ချောင်းဧရိယာရှင်းလင်းရေး လုပ်ငန်းများနှင့် ချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ချောင်းဆုံနေရာတွင် ဧရာဝတီရှုခင်းသာ တည်ဆောက်သွားမည့်စီမံကိန်းအတွက် မြေဧရိယာရှင်းလင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဗလမင်းထင်တံတားအနီး ဗလမင်းထင်အမှတ် (၂) တံတား တည်ဆောက်လျက် ရှိသည့် စီမံကိန်းနေရာမှ တစ်ဆင့်တံတားအထက်ပိုင်း မန်ခိန်တရုတ်ဘုံချောင်း မြစ်ရေစတင်ဝင် ရောက်သည့်နေရာထိ အရှည်ပေ ၁၀၀၀၀ အား ကမ်းထိန်းတမံ အသစ်တည်ဆောက်နိုင်ရေး မြေပြင်အနေအထားကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ အကြိုတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင် ရွက်သွားရေးနှင့် လိုအပ်သည့်လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကြသည်။

အဆိုပါ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေး လုပ်ငန်းစီမံကိန်းများအား မြစ်ကြီးနားမြို့၏ စိုးရိမ် ရေမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး မြစ်ရေနှင့် ထိစပ်သည့် ဧရိယာ ၁၂ ဒဿမ ၇၆ မိုင်အတွင်း မန်ခိန်ရပ်ကွက်မှ ဗလမင်းထင်တံတားအောက်ပိုင်း စီတာပူ ရပ်ကွက် အင်ဂျန်းခချောင်းဆုံနေရာအထိ အရှည်ပေ (၁၀၀၀၀) ကျော်အား ကမ်းထိန်းတမံအသစ် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီး ကမ်းထိန်းတမံ အရှည်ပေ (၁၃၈၃၉)ပေအား ရေလျှံ တားတမံများ တည်ဆောက်ခြင်းနှင့် ကျန်ရှိသည့်ဧရိယာအား ကမ်းနားလမ်း (တာရိုးပတ်လမ်း) အဆင့်မြင့်တင်တည်ဆောက်ခြင်းများအပြင် ဧရိယာအတွင်းရှိ အဓိကရေထွက်ပေါက် (၆) နေရာတွင် ရေထိန်းတံခါးများ (၆) ခုတို့အား လုပ်ငန်းစီမံကိန်းအလိုက် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ များဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာ အုပ်စု၊ မခေါတီကျေးရွာရှိ ‌တောင်သူ ဦးအောင်ဝေဦး၏ ခြံ (၂) ဧကကျော်အတွင်း ဆောင်းသီးထပ် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးခြံသို့ သွားရောက်ပြီး အဆိုပါ ခြံဝင်းအတွင်း ခရမ်းချဉ်သီး၊ တိုင်ထောင် ပဲ၊ မြေထောက်ပဲ၊ မုန်ညှင်း၊ ဂေါ်ဖီ၊ ကိုက်လံစသည့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ် ထွန်းနေမှု အခြေအနေများကို လည်းကောင်း၊ ဝိုင်းမော်မြို့အဝင် နန့်မြင်းခချောင်းဘေးရှိ ရွာတော် ကွင်းအတွင်း တောင်သူ ဦးလင်းထိုက်၏ ဟင်းသီးဟင်းရွက်ခြံ၌ အလားတူ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ နံနံပင်၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ပန်းခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စီးပွားဖြစ် ရောင်းချအသက်မွေးနိုင်မှု အခြေအနေ များ မေးမြန်းဆွေးနွေးကာ ဈေးကွက်ဝင် အသီးအနှံများအား သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် (GAP) စနစ် ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းလာစေရေး၊ လိုအပ်သည့် သွင်းအားစု များ၊ မျိုးကောင်းမျိုးနှင့် မြေသြဇာဖူလုံပြည့်ဝစွာ အသုံးချနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment