နေပြည်တော် နိုဝင်ဘာ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊
ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ
လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ စိုင်းဝဏ္ဏထွန်း
(ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်းတို့ ၂ ဦးအား တူးကရောင်းမော်တော်ယာဉ်တစ်စီး၊ CANTER မော်တော်ယာဉ်
တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ဆာလာအိတ်
၆၇ အိတ်အတွင်းမှ ဘိန်းဖြူ ၁၄၇ ဒသမ ၄ ကီလိုနှင့် ဆာလာအိတ် ၂၀ အိတ်ဖြင့်ထည့်လျက် စိတ်ကြွ
ရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့
ညနေပိုင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာလမ်းကြောင်း၌ ရှေ့ပြေးဆောင်ရွက်သူ ဉာဏ်ဝင်းလှိုင်အား
စဉ့်ကိုင်မြို့ တိုးဂိတ်တွင် SURF မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ရွာငံမြို့နယ်မှ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်လမ်းဆုံထိ တာဝန်ခံသယ်ဆောင်သူ ဇော်ထွန်းအား
ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်လမ်းဆုံတွင် မော်တော်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိ CANTER မော်တော်ယာဉ်၏ ယာဉ်မောင်း ကျော်စွာလင်း
(ခ) ဂက်စ်အိုးအား ကျောက်ဆည်မြို့နယ်၊ ဆားတောင်ငယ်ကျေးရွာတွင်လည်းကောင်း၊ မန္တလေးမြို့တွင်
မူးယစ်ဆေးဝါးများ လက်ခံမည့်သူ အောင်ခန့်အား မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊
၃၁ x ၃၂ ကြား၊ ၈၇ လမ်းမပေါ်တွင်လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရပ်စောက်မြို့နယ်မှ
ရွာငံမြို့နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ သက်ဝေအောင်အား အောင်ပန်းမြို့တွင်လည်းကောင်း၊
မူးယစ်ဆေးဝါးများအား DONGFENG တွဲယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ ဥက္ကာနိုင်အား ကျောက်ဆည်မြို့
၊ မြို့ရှောင်လမ်းတွင် အဆိုပါတွဲယာဉ်ဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဇော်ထွန်း၏
ဖော်ထုတ်ချက်အရ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနောက်ဘက် တောစပ်ချုံအတွင်း ဝှက်သိမ်းထားခဲ့သည့်
ဘိန်းဖြူပါဆပ်ပြာခွက်များထည့်ထားသည့် ဆာလာအိတ် ၈၄ အိတ်အတွင်းမှ ဘိန်းဖြူ ၁၈၄ ဒသမ ၈
ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ
ဘိန်းဖြူ ၃၃၂ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊
စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများအား ရွာငံမြို့ နယ်၊ ယုန်တောင်ကျေးရွာမှ
စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ ကျေးရွာချင်းဆက်လမ်းများမှ သယ်ဆောင် ရာတွင် ပူးပေါင်းပါဝင်သူ
စိုင်းနိုင်ထူးသာ (ခ) နေဖြိုးထက်အား နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့တွင်
ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များဖြင့်
ဝယ်ယူထားသော အောင်ခန့် ပိုင်ဆိုင်သည့် ALPHARD မော်တော်ယာဉ်နှင့် MARK II မော်တော်ယာဉ်တို့အား
ချမ်းအေးသာစံမြို့နယ်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး
ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ
ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


No comments:
Post a Comment