Wednesday, October 16, 2024

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။






ဗိုလ်မှူးကြီး ဝဏ္ဏအောင်
အဖွဲ့ဝင်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းကရေးဆွဲထားတာ မဟုတ်ဘဲ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ဆွေးနွေးညှိနှိုင်းပြီး သဘောတူရေးဆွဲထားတာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပြီး နိုင်ငံတကာနဲ့ ပြည်တွင်းအသိသက်သေတွေ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိဘဲ တည်ရှိနေမယ့် သမိုင်းဝင်စာချုပ်ပဲ ဖြစ်ပါတယ်။

NCA ရဲ့ အနှစ်သာရက ဒို့တာဝန်အရေး(၃) ပါးကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုအခြေခံတဲ့ ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကိုနိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားဖို့ပဲ ဖြစ်ပါတယ်။ NCA မှာပါရှိတဲ့ အနှစ်သာရတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်ဖို့အတွက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစဉ်အမြဲ ဖိတ်ခေါ်လျက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုတွေကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၊ NCA လက်မှတ် မရေးထိုးထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုး ဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်ထိ တွေ့ဆုံဆွေးနွေးမှု ၁၄၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆွေးနွေးတဲ့ အကြောင်းအရာတွေက ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်လုပ်ရပ်များအား အားပေးကူညီမှုမပြုရေး၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းနဲ့ တရားမဝင်လုပ်ငန်းများအား ရောင်းဝယ်ခြင်း၊ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရေး၊ အမှန်တကယ်လိုအပ်နေသော နေရာဒေသများအတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှာ ပြင်ဆင်၊ ဖြည့်စွက်ဖို့ လိုအပ်မယ့်ကိစ္စရပ်တွေကို လွှတ်တော်နဲ့ NCA လမ်းကြောင်းတွေက ပြဋ္ဌာန်းချက်စည်းကမ်းနဲ့အညီ ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အဓိကဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေကလည်း ဆန္ဒမဲပေးရာမှာ ခြိမ်းခြောက်ခံရမှု၊ စိုးရိမ်မှု၊ အနှောင်အဖွဲ့ရှိမှုများမရှိဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့နဲ့ မဲပေးနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ EAO တွေ၊ NCA လက်မှတ်မရေးထိုးထားသေးတဲ့ EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက် ၄ ချက် ညှိနှိုင်းရရှိခဲ့ပါတယ်။ ဒီအချက်တွေထဲက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများလွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အချက်ပါရှိပါတယ်။

လက်ရှိအချိန်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြည်တွင်းအရေးသာဖြစ်လို့ ပြည်တွင်းရှိ အဓိကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းသွားမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရေး NCA ကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ NCA လက်မှတ်မရေးထိုးသေးတဲ့ EAO တွေကိုလည်း Bilateral တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ NCA လက်မှတ် ရေးထိုးထားသော EAO များ၊ NCA လက်မှတ်မရေးထိုးထားသေးသော EAO များအားလုံးကို တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာစေရေးစိတ်ရည်စွာနဲ့ အစဉ်အမြဲ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)

အဖွဲ့ဝင် 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ

ကျွန်တော်တို့တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် လက်မှတ်ထိုးခဲ့တာ ဒီနေ့ဆို(၉)နှစ် ပြည့်မြောက်ပါပြီ။ ငြိမ်းချမ်းရေးက နိုင်ငံတော်အစိုးရအဆက်ဆက်ကြိုးပမ်းခဲ့ကြတယ်။ NCA ပေါ်ပေါက် လာတာကသမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဲ့အရသာကို အတော်ခံစားခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံးလွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခြေအနေ၊ တစ်နိုင်ငံလုံး လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ကာလ ကြုံတွေ့ရပါတယ်။ ဒါကိုတည်မြဲအောင် ဆက်လက်ကြိုးပမ်း ရင်း မမျှော်လင့်တဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ NCA လမ်းကြောင်းပေါ်မှာ ကျန်တဲ့အဖွဲ့တွေ ပါဝင်လာအောင်၊ တစ်နိုင်ငံလုံးငြိမ်းချမ်းအောင်၊ ပြည်သူတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ကျွန်တော်တို့ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့လို အခမ်းအနားကျင်းပနိုင်အောင် ကြိုးပမ်းကြတဲ့ NCA လက်မှတ်ရေးထိုးတဲ့တိုင်းရင်း သားအဖွဲ့တွေ၊ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုဌာနက တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

ဦးလှမောင်ရွှေ

ဥက္ကဋ္ဌ 

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (CPR)

NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကနေ ပြည်သူတွေကိုတင်ပြလိုတာက ကျွန်တော်တို့ အားလုံးမှာ အခက်အခဲတွေ ရှိနိုင်တယ်။ အမြင်မတူမှုတွေ ရှိနိုင်တယ်။ ဒီလိုအမြင်မတူမှုတွေကို လက်နက်ကိုင်တဲ့နည်းနဲ့ဖြေရှင်းတာက နှစ်ပေါင်းများစွာကြာပြီ မအောင်မြင်ခဲ့ဘူး။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျမယ်။ ငွေကြေးအရင်းအနှီးတွေ ဆုံးရှုံးတဲ့အပြင် လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံးခဲ့ကြရတယ်။ အခုအနေအထားမှာ လက်နက်စွဲကိုင်ပြီး ဖြေရှင်းတာက ရလဒ်ရမယ်လို့ ယုံကြည်သူရှိကောင်းရှိမယ်။ ကျွန်တော်တော့ မယုံကြည်ဘူး။ ဒါကြောင့် အခုလိုဆွေးနွေးတဲ့နည်းနဲ့ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ကျွန်တော်တို့ အရင်းအမြစ်ပြုန်းတီးမှုတွေ သက်သာမယ်။ ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာအေးမောင်

ဥက္ကဋ္ဌ

ရခိုင့်ဦးဆောင်ပါတီ (နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်)

NCA စာချုပ်ဖြစ်တည်လာတာ ၉ နှစ် ပြည့်ပြီ။ ကျွန်တော်တို့အမြင်က မြန်မာနိုင်ငံ၊ မြန်မာ့သမိုင်းမှာ ဒုတိယအရေးကြီးဆုံး စာချုပ်ဖြစ်ပါတယ်။ နိုင်ငံရေးအနှစ် သာရရှိရှိနဲ့ NCA စာချုပ်ကို အသုံးပြုစေချင်တယ်။ ချဉ်းကပ်ပုံတူချင်မှတူမယ်။ အခြေခံအားဖြင့် NCA သည် ပြည်တွင်း စစ်ကိုရပ်ဖို့ ကနဦးခြေလှမ်းဖြစ်တယ်။ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်သလဲဆိုတဲ့ နိုင်ငံရေးဇာစ်မြစ်ကို မရှာဖွေမဖြေရှင်းနိုင်သမျှ ပစ်ခတ်မှုတွေက ဖြစ်နေဦးမှာပဲ။ ဖြစ်တာကိုရပ်ဖို့ ကြိုးစားနေရဦးမှာပဲ။ ဒီတော့ NCA ကို အနှစ်သာရရှိရှိ ပထမခြေလှမ်းအဖြစ် ချဉ်းကပ်တာသည် မှန်တယ်။ တကယ်လို့ NCA မှာ အားလုံးပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ ရည်မှန်းချက် မပြည့်စုံသေးဘူးဆိုရင် အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုဆွဲဆောင်စည်းရုံးကြမှာလဲ။ လက်နက်ကိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက နိုင်ငံရေးအနှစ်သာရမရလို့ လက်နက်ကိုင်တာ။ နောက်ကြောင်းပြန်လိုက်ရင် တန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဆိုတာကို သွားတယ်။ နောက်ပြန်ဆုတ်ရင် အခြေခံဥပဒေမူနဲ့ဆိုင်တယ်။ အခြေခံမူဆိုင်ရာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ ကိုယ်ပိုင်အုပ်ချုပ်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ပြည့်ပြည့်ဝဝပါတဲ့ အခြေခံဥပဒေတစ်ရပ် မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး လက်နက်ကိုင်နေကြမှာပဲ။ ဒါကို နိုင်ငံရေးအနှစ်သာရရှိရှိ တစ်ဆင့်ချင်း ချဉ်းကပ်မယ်ဆိုရင် အခု(၉)ကြိမ်မြောက် NCA နှစ်ပတ်လည်နေ့က ရှေ့သွားမယ့် လမ်းကြောင်းတွေကို မြင်လာမယ်။ ဘယ်လိုချဉ်းကပ်မှာလဲ၊ ချဉ်းကပ်တဲ့အခါမှာ တစ်ဆင့်ချင်းသွားဖို့ လိုတယ်။ ဘာဖြစ်နေသလဲ။ Current Situation ကဘာလဲ။ အခုပေးထားချက် ကဘာလဲ။ NCA စာချုပ်ပေးထားချက်ရှိနေပြီ။ ဒုတိယတစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်ရှိနေပြီ။ ဒီပေးထားချက်တွေကို အခြေပြုပြီး ဘယ်လိုလှမ်းမှာလဲ။ ဒီလိုလှမ်းမှပဲ တစ်ဆင့်ချင်းဖြေရှင်းနိုင်မယ်။ ဒါကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က အလွန်တရာစဉ်းစားသင့်တဲ့ အချက်ဖြစ်သင့်တယ်။ ဒီလို(၉)နှစ်မြောက် NCA နှစ်ပတ်လည်နေ့မှာ လာရောက်ပြီးကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာတွေ၊ မျှော်မှန်းချက်တွေကို တင်ပြခွင့်ရတာ ဝမ်းသာပါတယ်။ NCA စာချုပ်မှသည် ငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အသိုက်အဝန်းကြီး ခိုင်ခိုင်မာမာပေါ်ပေါက်စေချင်တဲ့ ဆန္ဒရှိပါတယ်။ အောင်မြင်ပါစေ၊ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။

စောမြရာဇာလင်း

ဥက္ကဋ္ဌ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

ရခိုင်ပြည် လွတ်မြောက်ရေးပါတီက လက်မှတ်ထိုးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ရော ပါတီဥက္ကဋ္ဌအနေနဲ့ပါ တက်ရောက်လာတာဖြစ်ပါတယ်။ NCA နဲ့ပတ်သက်ပြီး အမှတ်တရတွေ အများကြီးရှိပါတယ်။ NCA ကို ကျွန်မတို့ လွယ်လွယ်ကူကူနဲ့ရခဲ့တာ မဟုတ်ပါဘူး။ အတိုက်အခံတွေ၊ စိတ်မောကိုယ်မော ဖြစ်ခဲ့ရတဲ့အချိန်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် NCA ကို ရအောင်ကြိုးပမ်း ခဲ့ခြင်းဟာ မြန်မာ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီထူးခြားတဲ့ဖြစ်ရပ်ကို တချို့ပုဂ္ဂိုလ်တွေက NCA ပျက်စီးသွားပြီ စသဖြင့်ပြောဆို ကြတာရှိပါတယ်။ NCA လက်မှတ်ထိုးထား ကြတဲ့ပုဂ္ဂိုလ်တွေက ပျက်စီးသွားပါပြီ၊ မသုံးတော့ဘူးလို့မပြောသမျှ NCA က ရှိနေဦးမှာ ဖြစ်ပါတယ်။ စစ်ကို စစ်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းနဲ့ဖြေရှင်းဖို့ စဉ်းစားတာက ဒီစာချုပ်ကြီး ဖြစ်ပေါ်လာဖို့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က NCA ကို တန်ဖိုးထားတယ်။ NCA မှာ အားလုံး ပြည့်စုံသလားလို့မေးရင် မပြည့်စုံတာတွေရှိမှာပါ။ ပြည့်စုံမှုရှိအောင် ပြန်လုပ်လိုတဲ့ ဆန္ဒနဲ့သတ္တိရှိဖို့ အရေးကြီးတယ်။ ဒါကြောင့် NCA နှစ်ပတ်လည်နေ့ကို ကျင်းပခြင်းသည် မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်အဖြစ် ကျွန်မတို့သတ်မှတ်ပါတယ်။

ဦးကိုကိုကြီး

ဥက္ကဋ္ဌ 

ပြည်သူ့ပါတီ (နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်)

နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သာမက နောင်မျိုးဆက်တွေအတွက်ပါ အခြေခံကောင်းတွေ တည်ဆောက်ပေးခဲ့ဖို့လိုတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေကနေ အမြန်ဆုံးရုန်းထွက်ပြီး လှပတဲ့အနာဂတ်ကိုတည်ဆောက်ဖို့ ကျွန်တော်အတတ်နိုင်ဆုံး ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတောင့်တတဲ့ နိုင်ငံရေးသမားတွေအားလုံးရဲ့အသက်က ပြည်သူပါ။ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးနည်းလမ်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ပြဿနာတွေ ဖြေရှင်းနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အားကောင်း လာအောင်၊ ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုနိုင်ငံရေးဆွေးနွေး ပွဲတွေကနေသိသာထင်ရှားတဲ့ တိုးတက်မှုတွေ၊ ရလဒ်ကောင်းတွေထွက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်။ အမြင်မတူသေးတဲ့သူတွေ အချင်းချင်းလည်း ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးမသတ်မှတ်ဘဲ သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ကြရင် လှပတဲ့အနာဂတ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း - နန္ဒကျော်စွာ

ဓာတ်ပုံ- ကိုထိန်

No comments:

Post a Comment