Wednesday, October 16, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် “(၁၉) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့ တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၅

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် “(၁၉)ကြိမ်မြောက်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့ တက်ရောက်ရန် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat ၏ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံကို ၁၉၈၅ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ယင်းအစည်းအဝေးသို့ အာရှနှင့်ပစိဖိတ်နိုင်ငံများမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးအကြီးအကဲများ တက်ရောက်၍ တရားစီရင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်းပါဝင်လျက်ရှိရာ ဤညီလာခံသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် ရှန်ဂရီလာကွာလာလမ်ပူဟိုတယ်၌ ကျင်းပခဲ့သည့် “(၁၉)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” သို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Rt. Hon. Tun Tengku Maimun Binti Tuan Mat က ကြိုဆိုဧည့်ခံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

“(၁၉)ကြိမ်မြောက်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံ” ကို မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်နှင့် LAWASIA အဖွဲ့အစည်းတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ရှန်ဂရီလာ ကွာလာလမ်ပူဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ စုစုပေါင်း ၉၅ ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ၂၉ နိုင်ငံမှ တရားသူကြီး ချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တရားစီရင်ရေးနှင့်ဆက်နွှယ်သော ဘာသာရပ်များကို ဆွေးနွေးကြသည်။ ညီလာခံတွင် အဓိကအားဖြင့် လျင်မြန်စွာ ပြောင်းလဲနေပြီး လုံခြုံမှုနည်းပါးလာသည့် ကမ္ဘာကြီးတွင် တရားဥပဒေ စိုးမိုးရေးအပေါ် ယုံကြည်မှုထိန်းသိမ်းရေးနှင့် လေးစားရေး၊ တရားစီရင်ရေးဆိုင်ရာ ပြည့်စုံကောင်းမွန်မှု၊ တရားရုံးများအတွက် ဉာဏ်ရည်တု AI နည်းပညာကပေးသည့် အကျိုးကျေးဇူးများ၊ တရားရုံးများအတွက် ဉာဏ်ရည်တု AI နည်းပညာကြောင့် ဖြစ်ပေါ်လာသည့် (သက်သေခံချက်၏ တည်တံ့ခိုင်မြဲမှုနှင့်စပ်လျဉ်းသည့် ပြဿနာများအပါအဝင်) စိန်ခေါ်မှုများ ၊ ဉာဏ်ရည်တု AI ခေတ်တွင် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စည်းကမ်းထိန်းသိမ်းခြင်း၊ ရှေ့နေရှေ့ရပ်များအား သင်ကြားပေးခြင်းနှင့်စပ်လျဉ်း၍ တရားရုံးများ၏အခန်းကဏ္ဍ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံဖြတ်ကျော်ဖြစ်ပွားလျက်ရှိသည့် ကိစ္စရပ်များနှင့် လူမှုမီဒီယာအပါအဝင် တရားရုံးများနှင့် မီဒီယာအကြောင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment