Wednesday, October 2, 2024

MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရရှိရေးနှင့် ငွေကြေးအရင်းအနှီးရရှိရေး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးစက်မှုဇုန်အတွင်းရှိ Aung Sein Textile ကုမ္ပဏီ ချည်မျှင်နှင့် ချည်ဆေးဆိုးစက်ရုံသို့ ရောက်ရှိပြီး စီလွန်ချည် (Acrylic Yarn) များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ချည်မျှင်ဆေးဆိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးပြောကြား

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)တိုးတက်ခြင်း၊ ပြည်ပမှတင်သွင်းရမှု လျှော့ချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် နည်းပညာများရရှိခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့၍ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်လည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝါဂွမ်းများကို ပြည်ပသို့တင်ပို့ခြင်းထက် ချည်ထုတ်လုပ်ခြင်း၊ ပိတ်ရက်လုပ်ခြင်း၊ အထည်အလိပ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက စီးပွားဖြစ်ထွန်းမှုအကျိုးအမြတ် ပိုမိုရရှိသည့်အပြင် ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်နေသူအားလုံး ဝင်ငွေတိုး၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ကူညီဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် အမရပူရမြို့နယ်ရှိ ဦးဂျမ်းပုဆိုးများရက်လုပ်သည့် ရွှေမြင်းပျံစက်ရက်ကန်းလုပ်ငန်း(ယာပုံ)၊ ကောင်းခန့်စက်ရက်ကန်းလုပ်ငန်း၊ ရွှေယမင်းစက်ရက်ကန်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်ရရှိရေးအတွက် MSME ထုတ်ကုန်ပစ္စည်းများ ပြပွဲ/ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး အဆိုပါပြပွဲများသို့ ဝင်ရောက်ပြသကြရန်လိုကြောင်း၊ ပြပွဲ/ပြိုင်ပွဲများသို့ ဝင်ရောက်ပြသခြင်းဖြင့် MSME လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိ၍ နည်းပညာများဖလှယ်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း၏ အားသာချက်/အားနည်းချက်များကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment