Tuesday, October 1, 2024

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြင်ဦးလွင်မြို့ရှိ မော်တော်ယာဉ်နည်းပညာသုတေသနဌာန၌ EV သုတေသနရလဒ်များကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၃၀

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာ သုတေသနဌာန၌ ဌာနတာဝန်ခံ ဒေါက်တာ ဝင်းထိုက်အောင်နှင့် ဝန်ထမ်းများကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆားကစ်ဘုတ်ပုံစံငယ် နည်းပညာဌာနခွဲ၊ ထိန်းချုပ်မှုအင်ဂျင်နီယာ နည်းပညာဌာနခွဲ၊ ပုံစံငယ်ထုတ်လုပ်မှုအင်ဂျင်နီယာနည်းပညာဌာနခွဲ၊ မော်တော်ယာဉ်စွမ်းအား နည်းပညာဌာနခွဲ၊ မော်တော်ယာဉ်ရွေ့လျားမှုနည်းပညာဌာနခွဲ၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာဌာနခွဲ၊ အဆင့်မြှင့်ပုံစံပြုခြင်းဆိုင်ရာ အင်ဂျင်နီယာဌာနခွဲတို့တွင် ဆောင်ရွက်လျက်ရှိသော EV သုတေသနလုပ်ငန်းများမှ ရလဒ်အခြေအနေများ၊ EV လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး EV ကဏ္ဍဖွံ့ဖြိုးရေး လက်တွေ့ကျကျ အကျိုးပြုနိုင်သော သုတေသနရလဒ်များရရှိအောင် အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ အမှန်တကယ်တိုးတက်မှုရှိစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်ရန်နှင့်စွမ်းရည်များ အစဉ်မြင့်မားစေရေး ပုံမှန်ဆန်းစစ်မွမ်းမံသွားရန်၊ EV သုံးစွဲသည့် ပြည်သူများ၏ လက်ဝယ်အရောက် ဘေးအန္တရာယ်ကင်းရှင်းရေး SOP များနှင့်အညီ အသုံးပြုနိုင်ရေး နည်းပညာ၊ အသိပညာဖြန့်ဝေရေးလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက် ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံသို့ရောက်ရှိပြီး အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဦးလွင်ရှိ MSME များဖွံ့ဖြိုးရေး အထောက်အကူပြု သုတေသနများနှင့် လက်တွေ့လုပ်ငန်းများကို အဓိကမြှင့်တင်ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ရေးဖြေနှင့်ပုံဆွဲဖြေစာမေးပွဲခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ စာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာများနှင့် သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment