ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ
မင်းအောင်လှိုင် ထံမှ
ကမ္ဘာ့ဆရာများနေ့
အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
( ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် )
ချစ်ခင်လေးစားအပ်ပါသော
ဆရာ၊ ဆရာမများခင်ဗျား
ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခါသမယတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။
လူ့လောကတွင်
ဆရာနှင့်ကင်းသူဟူ၍ မရှိပါ။ လူသားတိုင်းတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍
အသီးသီးရှိကြသည်ချည်းသာ ဖြစ်ပါသည်။ အာစရိယဆရာတို့၏ ဂုဏ်ကျေးဇူးတန်ဖိုးကား အတိုင်းအဆမရှိ
တုနှိုင်းမရအောင် ကြီးမားမြင့်မြတ်လှပေသည်။ မြင့်မြတ်သော ဆရာတို့၏ ဂုဏ်ကျေးဇူးများကို
ဖော်ကျူးကာ လေးစားစွာဖြင့် ကမ္ဘာအနှံ့ ချီးမြှင့်ဂုဏ်ပြုလာခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ်မှစတင်၍
နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့ရောက်တိုင်း “ဆရာကို တန်ဖိုးထားလို့ သူတို့အနာဂတ်ကို
မြှင့်တင်ကြစို့”၊ “အနာဂတ်ဘဝလှပဖို့ ဆရာများက ကြိုးစားစို့”၊ “ဆရာ၊ ဆရာမ တန်းတူညီ၊
လူ့ဘောင်ပြည်ရွာသာယာမည်”၊ “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများက အစပြု” စသည့် ဆရာများ၏
ဂုဏ်ကျေးဇူးကို ဖော်ကျူးသည့် ဆောင်ပုဒ်များချမှတ်ကာ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပလာခဲ့ကြသည်မှာ
နှစ်ပေါင်း (၃၁)နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်
မြတ်ဆရာတို့၏ ကျေးဇူးများကို အထူးသိမြင် ဦးထိပ်ပန်ဆင်လျက်
ပူဇော်ကန်တော့လာခဲ့ကြသည့် ထုံးတမ်းစဉ်လာမှာ ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့ထိတိုင်အောင်ဖြစ်သည်။
မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်
မိမိသိလိုသော ဝိသုဒ္ဓိမဂ်ခုနစ်တန်အကြောင်းကို ဟောပြနိုင်သည့် ရှင်ပုဏ္ဏထေရ်ကို
ဦးထိပ်၌ရွက်ထားလိုသည်ဟု ဆိုမိန့်ခဲ့သည်။ ထို့ပြင် ရှင်အဿဇိထေရ် ဟောကြားသော တရားတော်ကို
နာကြားရသည်မှစ၍ ဗုဒ္ဓ၏တရားမှန်ကို ရခဲ့သည်ဟုဆိုကာ ဆရာဖြစ်သူ ရှင်အဿဇိထေရ်ရှိရာအရပ်ကို
အမြဲတစေ ဦးခေါင်းပြု၍ ကျိန်းစက်တော်မူခဲ့သည်မှာလည်း ဆရာကို
ရိုသေမြတ်နိုးခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ခြင်းပင်ဖြစ်သည်။
မင်းတုန်းမင်းသည်
ငယ်ဆရာ စံကျောင်းဆရာတော်အား မိမိဘုရင်ဖြစ်လာသောအခါ ချီးမြှင့်မြှောက်စားခြင်းဖြင့်
ကျေးဇူးဆပ်ခဲ့သည်။ ရှေးမြန်မာမင်းတို့သည် မိမိတို့အား တရားပြ၍ဆုံးမသော
ရဟန်းတော်တို့၏ ကျေးဇူးကိုသိမြင်သည့်အလျောက် ကျောင်းတော်ကြီးများ ဆောက်လုပ်လှူဒါန်းခြင်း၊
ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကိုပြု၍ ချီးမြှင့်ခြင်းဖြင့်
ကျေးဇူးဆပ်ခဲ့ကြသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်
နှစ်စဉ် ဆရာကန်တော့ပွဲများကို ကျောင်းအလိုက် တက္ကသိုလ်အလိုက် ကျင်းပပြီး
ဆရာ့ဂုဏ်ကျေးဇူးကို မမေ့မလျော့ ရိုသေစွာပေးဆပ်နေကြသည့် မြင်ကွင်းများကို တွေ့မြင်ကြရသည်မှာ
ဂုဏ်ယူကြည်နူးဖွယ် မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်ပါသည်။
ကျေးဇူးရှိသူကို
ကျေးဇူးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဘုရား၊
တရား၊ သံဃာ၊ မိဘ၊ ဆရာ” တို့ကို ကျေးဇူးတရားကြီးမားသည့် အနန္တောအနန္တငါးပါးဟု
သတ်မှတ်ကြသည်။ တိုင်းပြည်၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် မျိုးဆက်သစ် ကျောင်းသား၊
ကျောင်းသူများကို ဝိဇ္ဇာသိပ္ပံဘာသာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး ပညာထူးချွန်သည့်
လူတော်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တမြင့်မားသည့်
လူကောင်းများဖြစ်လာစေရန် ပျိုးထောင်ပေးရာ၌ မိဘနှင့်ဆရာသည် ပဓာနကျပါသည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် နုနယ်သူများဖြစ်၍ မိဘ၊ ဆရာသမားများ၏
ပုံသွင်းပြုပြင်မှုအပေါ် မူတည်ပြီး လင်းလက်တောက်ပနိုင်ပါသည်။
သားသမီးများအတွက်
မိဘများသည် မွေးဖွားသည်မှစ၍ ကျောင်းနေခွင့်မရမီ သိသင့်သိထိုက်၊ ပြောသင့်ပြောထိုက်၊
ပြုမူသင့် ပြုမူထိုက်သည်များကို ဆုံးမသင်ကြားပေးကြပါသည်။ နွေးထွေးသော မိဘရင်ခွင်မှ
စာသင်ကျောင်းဆီသို့ ဦးတည်ခိုဝင်လာကြသည့်အခါတွင်လည်း ဆရာ ဆရာမတို့သည် မိမိတို့၏တပည့်များကို
ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ်အမြတ်မရွေး နွေးထွေးသော ကြင်နာစွာလက်ကမ်း၍ မေတ္တာဖြင့်ကြိုဆိုခဲ့ကြသည်။
“လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ”သည် ကလေးသူငယ်များ၏
ကိုယ်ရည်ကိုယ်သွေးကို ပထမဦးဆုံး လွှမ်းမိုးပြုစုပျိုးထောင်သူများ ဖြစ်ကြပါသည်။ တပည့်များကို
မိမိတို့၏သားသမီးအရင်းကဲ့သို့ သဘောထားကာ တပည့်များ၏ဘဝ မတိမ်းစောင်းစေရန် မှန်ကန်တည့်မတ်အောင်မြင်ကြစေရန်
စေတနာဖြင့် ပဲ့ပြင်ထိန်းကျောင်းပေးခဲ့ကြပါသည်။
ရိုသေထိုက်သောဂုဏ်ရှိခြင်း၊
ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း၊ ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း၊ တပည့်များလွဲမှားနေလျှင်
အမုန်းခံ၍ တည့်မတ်ပေးခြင်း၊ မေးလာသမျှကို ဖြေဆိုပေးနိုင်ခြင်း၊ နက်နဲသော
သဘောတရားကို ဟောကြားပေးနိုင်ခြင်း၊ အကျိုးနည်းမည့်နေရာကို မတိုက်တွန်းဘဲ အကျိုးများမည့်နေရာကို
တိုက်တွန်းခြင်းဟူသည့် ဆရာ့အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော ဆရာတို့သည်
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသော ဆရာ့ဝတ္တရားငါးပါးနှင့်အညီ စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသည့်
နာသုံးနာဖြင့် တပည့်တို့အား ပညာပြည့်ဝ နှလုံးလှအောင် ပညာသင်ကြားပေးကြပါသည်။ မေတ္တာကရုဏာဖြင့်
လမ်းမှားသို့ မရောက်အောင် လိမ္မာယဉ်ကျေးအောင် ပဲ့ပြင်ဆုံးမပေးကြပါသည်။ ထို့ကြောင့်
သင်ဆရာ (မုတာစရိယ)၊ မြင်ဆရာ (ဒိဌာ စရိယ)၊ ကြားဆရာ (သုတစရိယ) အစရှိသော
ပညာဖြန့်ဝေပေးသူကို “အာစရိယဆရာ” ဟူ၍လည်းကောင်း၊ တပည့်တို့ကို လိမ္မာအောင်
ပဲ့ပြင်သွန်သင်ဆုံးမပေးသူကို “ဥပဇ္စျာယ်ဆရာ” ဟူ၍လည်းကောင်း ခေါ်ဆိုကြပါသည်။
ဤကြီးမြတ်လှသော ဂုဏ်ဒြပ်နှစ်ရပ်နှင့် ကုံလုံပြည့်စုံသော ကျေးဇူးရှင်ဆရာများ၏
တန်ဖိုးကား တုနှိုင်း၍မရနိုင်ပါ။
ဆရာသည်
အမှားနှင့်အမှန်ကို ခွဲခြားနိုင်စေရန် အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးကို
မှန်ကန်စွာနားလည်ပြီး အမှောင်တွင်းမှ လွတ်မြောက်စေရန်၊ အမှောင်ထုအတွင်း
မကျရောက်စေရန် ဆောင်ရွက်ပေးနေကြသူများ ဖြစ်ကြပါသည်။ ဆရာသည် လူသားအချင်းချင်း
ချစ်မြတ်နိုးကြစေရန် လုပ်ပေးနိုင်သူ၊ တပည့်များ၏ဘဝနှင့် လောကကို အလှဆင်ပေးသူ၊
သောကကို ဖြေဖျောက်ပေးသူများဖြစ်ကြသဖြင့် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်ဟုပင်
တင်စားသတ်မှတ်ကြပါသည်။
ဆရာတို့သည်
တပည့်များကို စာကိုလည်းသင်၍ စိတ်ကိုလည်း ပြင်ပေးကြရပါမည်။ လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာစိတ်ထားတတ်အောင်
လမ်းပြပေးကြရပါမည်။ အတ္တကိုယ်ကျိုးနှင့်ယှဉ်၍ ပရဟိတအများအကျိုးဆောင်လိုစိတ်များ
ဖြစ်ပေါ်လာအောင် အသိပညာပေး ဆုံးမကြရပါမည်။ “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊
ငယ်သူကိုသနား” ဟူသည့် မြန်မာ့စိတ်ထားကို နှလုံးသားတွင် စိမ့်ဝင်နေအောင်
လမ်းညွှန်ပေးကြရပါမည်။ နိုင်ငံ့အတွက် အမျိုးသားရေး တာဝန်များဖြစ်သည့်
ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊
တိုင်းချစ်ပြည်ချစ်စိတ် ကိန်းအောင်းတိုးပွားလာစေရေး၊
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကိုလည်း
သွန်သင်ညွှန်ပြပေးကြရပါမည်။
ကာယ၊
ဉာဏ၊ စာရိတ္တဆိုင်ရာ ဘက်စုံကျွမ်းကျင်သော စနစ်သစ်ပညာရေး
အလျင်အမြန်အောင်မြင်စေရန်မှာ ဆရာတို့၏ အဓိကတာဝန် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အတွက်
အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို
မွေးထုတ်ပေးရေးတွင် ဆရာသည်သာ အခရာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ့လူ့အဖွဲ့အစည်း၏ မျိုးဆက်တိုင်း
တော်သလောက်ကောင်းစေရန် လေ့ကျင့်ပေးနိုင်သည့် လူတန်းစားမှာ ဆရာများသာဖြစ်ကြပါသည်။
လူသားမျိုးဆက်ကို ထက်မြက်အောင်လေ့ကျင့်ပေးပြီး အဖွဲ့အစည်းကို မြင့်မားစေရန်၊ ငြိမ်းချမ်းစေရန်
လုပ်ဆောင်နေကြသူများမှာလည်း ဆရာများပင်ဖြစ်ပါသည်။ အစဉ်တိုးတက်ပြောင်းလဲနေသော ပညာခေတ်တွင်
ဆရာသည် မိမိနိုင်ငံသားများ ပညာရည်မြင့်မားရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက်
ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာဆည်းပူးဖြည့်ဆည်းနေကြရမည် ဖြစ်ပါသည်။
ဆရာ
ဆရာမများသည် ဘဝတစ်လျှောက် အမြဲသင်ယူလေ့လာ နေရသူများဖြစ်သဖြင့် အစဉ်ပြောင်းလဲနေသော ခေတ်နှင့်အညီ
စာကြည့်တိုက်များ၊ စာအုပ်စာစောင်များနှင့် ခေတ်မီနည်းပညာများကို အသုံးပြုပြီး မိမိတို့၏အရည်အသွေးများ
တိုးတက်နေအောင် ကိုယ်တိုင် လေ့လာသင်ယူဆည်းပူးနေကြရန် လိုအပ်ပါသည်။ မိမိ သာမက မိမိတပည့်များကိုလည်း
ကျောင်းပညာ၊ အတန်းပညာများ ပြီးဆုံးပြီးနောက် စာအုပ်စာပေဖတ်ရှုကာ ဘဝတစ်သက်တာ လေ့လာ
သင်ယူတတ်သူများဖြစ်စေရန် လမ်းညွှန်ပြသပေးကြရမည်ဖြစ်ပါသည်။
ဆရာများသည်
တပည့်များအား ပညာကို တတ်မြောက်အောင် သင်ကြားပေးကာ အသိအမြင်၊ ဗဟုသုတများရှိအောင် လမ်းညွှန်ပြသရန်
လိုအပ်သကဲ့သို့ စည်းကမ်းလိုက်နာတတ်သော နိုင်ငံသားများဖြစ်အောင်
လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး
တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်များရရှိနိုင်ရေး ဥပဒေပညာရပ်ကို
တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသကဲ့သို့ Grade
11 နှင့် Grade 12 အတန်းများတွင်
ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးကြရမည်ဖြစ်ပါသည်။
ဆရာတစ်ယောက်၏
ပညာအရည်အချင်းနှင့် စိတ်စေတနာတို့အပေါ်တွင် ကျောင်းသားကျောင်းသူတို့၏
ဘဝအကောင်းအဆိုးသည် တည်မှီနေသောကြောင့် ဆရာတို့တွင်ရှိအပ်သော ပညာအရည်အချင်း၊
စိတ်စေတနာနှင့် အကျင့်သိက္ခာတို့ကို အမြဲတစေ ဖြည့်ဆည်းထိန်းသိမ်းကြရပါမည်။
“တပည့်များစွာ၊ ငါ့ထက်သာ၍၊ နေရာတိုင်းမှာ၊ အရေးပါ” ဆိုသည့်စကားနှင့်အညီ
စည်းကမ်းရိုသေ၊ အချိန်လေးစား၊ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရပါမည်။
ယခုအခါ
မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့်
ပင်ကိုအရည်အချင်း၊ စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ
တိုးတက်ရှင်သန်အားကောင်းနေရန် လိုအပ်ပါသည်။ ထို့ကြောင့် ဆရာကောင်းတစ်ဦးဖြစ်ရမည့်အချက်များနှင့်
ကိုက်ညီအောင် ကျင့်ကြံအားထုတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော၊ တာဝန်ယူမှု
တာဝန်ခံမှုရှိသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုးသယ်ပိုးကြမည့် အနာဂတ်နိုင်ငံ့သားကောင်း
သမီးကောင်းရတနာများဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ဆရာ၊ဆရာမများသည် တပည့်များကို အသိပညာရှင်၊ အတတ်ပညာရှင်များ
ဖြစ်လာစေရန် သင်ကြားပြသပေးနေကြသည်ဖြစ်ရာ ဆရာ၊ဆရာမများ
ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး
ပညာအရည်အချင်းအလိုက် ခံစားခွင့်များ ထပ်ဆောင်းချီးမြှင့်ခဲ့ကာ ဝတ်စုံစရိတ်၊
အိမ်ငှားစရိတ် ထောက်ပံ့ပေးသကဲ့သို့ ဆရာ ဆရာမ အိမ်ရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၄
ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်အဖြစ် “ဆရာများ၏ ရင်ဖွင့်သံကို အလေးထားကြပါစို့
(Valuing Teachers’ Voices)” ဟု သတ်မှတ်ထားသည်နှင့်အညီ
ဆရာများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ၊ စိန်ခေါ်မှုများကို
အာရုံစိုက်ဖြေရှင်းပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ဆရာများ၏ ကျွမ်းကျင်သော
အတတ်ပညာများကို အမိအရ ရယူကြ၍ မိမိတို့ဘဝနှင့် နိုင်ငံတော်အတွက် အသိပညာကြွယ်ဝပြီး
ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များရရှိအောင် သင်ယူလေ့လာကြပါရန် ကမ္ဘာ့ဆရာများနေ့
အခါသမယတွင် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဆရာ
ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျက် သာယာချမ်းမြေ့ကြပါစေ။
No comments:
Post a Comment