အနန္တဂိုဏ်းဝင်ကျေးဇူးကြီးမားမြတ်ဆရာများ
မြန်မာတို့၏အစဉ်အလာအရ ရိုသေဆည်းကပ်ပူဇော်ထိုက်သော ပုဂ္ဂိုလ်များတွင် ဆရာဆရာမများပါဝင်သည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်တစ်တန်းတည်းထားသည့် ပုဂ္ဂိုလ်များမှာ ဆရာဆရာမများဖြစ်သည်။ ထို့ကြောင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု သတ်မှတ်ကြသည်။ ဆရာ၏ဂုဏ်ဒြပ်နှင့်ကျေးဇူးများမှာ ကြီးမားလှသဖြင့် ရိုသေထိုက်သူ၊ ပူဇော်ထိုက်သူ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု အလေးအမြတ်ပြုပေသည်။
“လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဘ”ဆိုသည့်နည်းတူ
ဆရာများသည် လက်ဦးဆရာများပင်ဖြစ်သည်။ လိမ္မာယဉ်ကျေး သွန်သင်ဆုံးမစောင့်ရှောက်ပေးရာ၌
မိဘများကဲ့သို့ပင် ရင်အုပ်မကွာ နေ့စဉ်နှင့်အမျှ တစ်နေကုန်အချိန်ကြာ
စောင့်ရှောက်ကြသဖြင့် ဒုတိယမိဘဟုပင်ဆိုနိုင်သည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”နှင့်အညီ
သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးခြင်း၊ ဆုံးမဩဝါဒပေး၍ ပြုပြင်ပေးခြင်း၊
မိမိတတ်သမျှ အကုန်သင်ပေးခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန်
ကြိုတင်တားဆီးကာကွယ်ပေးခြင်း၊ မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးခြင်း
ကျင့်ဝတ်များနှင့်အညီ စေတနာထားကြသူများဖြစ်သည်။
လူတိုင်းလူတိုင်းသည်
မိဘနှင့် ဆရာသမားတို့၏ရင်ငွေ့လှုံကာ ရှင်သန်ကြီးပြင်းလာကြသူများချည်းဖြစ်သည်။
ဆရာ့ကျေးဇူး၊ မိဘကျေးဇူးကြီးမားလှသဖြင့် ထင်ရှားကျော်ကြား ဆရာတော်ကြီးတစ်ပါးက
ဘုရား၊ တရား၊ သံဃာတို့နှင့်အတူ မိဘ၊ ဆရာသမားများကို မမေ့မလျော့စေရန်
နေ့စဉ်နေ့တိုင်း နံနက်/ည ရှိခိုးကန်တော့ကြရန် မိန့်ကြားခဲ့ဖူးသည်။ အောက်တိုဘာလ ၁
ရက်နေ့က ထိုင်းနိုင်ငံ၌ ကျောင်းကားမီးလောင်မှုအဖြစ်အပျက်တွင် မီးလောင်ကျွမ်းမှုထဲ၌
ဆရာမတစ်ဦးက ကလေးငယ်တစ်ဦးကို ပွေ့ဖက်ထားသည့် ရုပ်ကြွင်းကို
စိတ်မချမ်းမြေ့ဖွယ်တွေ့ရှိခဲ့သည်။ ဆရာမ၏ ကျောင်းသားကလေးငယ်အပေါ်ထားရှိသည့်
မေတ္တာတရားမည်မျှကြီးမားသည်ကို အထင်အရှားတွေ့နိုင်သည်။
ဆရာများ၏
သင်ကြားပြသ သွန်သင်ဆုံးမမှု အခြေခံကောင်းများဖြင့် မိမိဘဝ၊ မိမိ မိသားစု၊
မိမိလူ့အဖွဲ့အစည်းသာမက မိမိနိုင်ငံအတွက်ပါ အကျိုးပြုနိုင်သူများ ဖြစ်နေကြသည်မှာ
ဝမ်းမြောက်စရာဖြစ်သည်။ အကျိုးမပြုကြသူများ၊ ဖျက်ဆီးနေကြသူများလည်းရှိနေရာ
ဝမ်းနည်းစရာဖြစ်သည်။ မျက်မှောက်ကာလတွင် ဘာသာတရားနှင့် ယဉ်ကျေးမှု
ပါးလျားလာသည့်အလျောက် ဆရာများအပေါ်တွင် ရိုသေလေးစားမှု လျော့နည်းလာသည်ကို
မြင်တွေ့နေရသည်။ ထို့ထက်ဆိုး၍ ဆရာများအပေါ်တွင်
ပြစ်မှားစော်ကားမှုများပင်ရှိလာသည်။ မျက်မှောက်ကာလတွင် အစွန်းရောက်နိုင်ငံရေးသွတ်သွင်းမှုများကြောင့်
ဆရာများအား သတ်ဖြတ်မှုများရှိလာသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။
သုံးနှစ်တာကာလအတွင်း အကြမ်းဖက်သမားတို့လက်ချက်ကြောင့် နိုင်ငံတစ်ဝန်းမှ
ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၇၅ ဦး သတ်ဖြတ်ခံခဲ့ရသည်။
ဆရာများသည်
တပည့်များအပေါ်တွင် မေတ္တာတရားကြီးမားစွာဖြင့် သွန်သင်ပြသ ဆုံးမလမ်းညွှန်ခဲ့ကြသော်လည်း
အသိဉာဏ်ပညာနည်းပါးမှု၊ နိုင်ငံကြီးသားစိတ်ထားကင်းမဲ့မှု၊
အကျင့်စာရိတ္တချွတ်ယွင်းမှု၊ အမျိုးသားရေး“စံ”များ ပျက်သုဉ်းမှု၊
အစွန်းရောက်စိတ်မြင့်မားမှု၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းများခေါင်းပါးမှု၊
ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းရမည့်ခံယူချက်များကင်းမဲ့မှု စသည့် မကောင်းသောစေ့ဆော်ပေးမှုများကြောင့်
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ရိုသေလေးစားမှုများလျော့ပါးလာပြီး
ပြစ်မှားစော်ကားသည်အထိ ပြုလုပ်လာကြသည်။ ထို့ကြောင့် မိဘ၊ ဆရာများကပင်
ကလေးများလူလားမြောက်သည်အထိ နေအိမ်၊ မျိုးဆက်ကို ဖျက်ဆီးစေမည့် မျိုးစေ့များမဝင်ရောက်အောင်
ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။
ကျောင်းနေအရွယ်ကလေးများကို
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန် ပြုစုပျိုးထောင်ပေးရမည်မှာ
ဆရာများ၏တာဝန်ဖြစ်သည်။ နိုင်ငံအတွက်အရေးကြီးသည့်
အမျိုးသားရေးစိတ်ဓာတ်ကောင်းများကို ကျောင်းနေစဉ်အရွယ်ကတည်းက ကိန်းအောင်းနေအောင်
ပြုစုပျိုးထောင်ပေးမှသာ နိုင်ငံတော်အတွက် အားထားနိုင်သည့် သားကောင်းရတနာများ ဖြစ်လာမည်။
နိုင်ငံကိုပုံဖော်ထုဆစ်ကြသူများသည် ထိုနိုင်ငံ၏နိုင်ငံသူ၊
နိုင်ငံသားများပင်ဖြစ်သည်။ ကောင်းမွန်သည့် နိုင်ငံသားများကသာ နိုင်ငံကိုတိုးတက်အောင်
ဆောင်ရွက်နိုင်သည်။ စည်းကမ်းကောင်းမွန်သည့် လူမျိုးဖြစ်စေရန်
လေ့ကျင့်သင်ကြားပေးသည့်နေရာသည် စာသင်ကျောင်းများဖြစ်သည်။
နိုင်ငံသားကလေးငယ်များကို
ပညာတတ်မြောက်ရန်သာမကဘဲ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန်
သွန်သင်ဆုံးမ နည်းလမ်းပြသပေးကြသည့် ပုဂ္ဂိုလ်များသည် ဆရာ ဆရာမများဖြစ်သည်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့် ဆောင်ပုဒ်သည် ဆရာ မိဘများနှင့်
ကျောင်းသား ကျောင်းသူများကို အစဉ်ဆော်ဩနေသည့် လမ်းညွှန်ဆောင်ပုဒ်ဖြစ်သည်။
သို့ဖြစ်ရာ အောက်တိုဘာလ ၅ ရက်နေ့ “ကမ္ဘာ့ဆရာများနေ့”တွင်
အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာများက နိုင်ငံအကျိုးပြု သားကောင်းရတနာများ
ပေါ်ထွန်းလာအောင် ဆောင်ကြဉ်းပေးကြရမည်ဖြစ်ပါကြောင်း။

No comments:
Post a Comment