နေပြည်တော် အောက်တိုဘာ ၁၀
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားပြီး အာဆီယံအဖွဲ့ အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief's Meeting) သို့ တက်ရောက်ကြမည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်၊
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်
(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး (၁၈) ကြိမ်မြောက်
အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြမည့် ဘရူးနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊
လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်
ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ
တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့်
အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံဒေသအတွင်း
ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်သင့်သည့်အခြေအနေများ၊
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံများကို
အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အာဆီယံရေတပ်များအချင်းချင်း
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့်
အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိုင်ငံအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး
အစည်းအဝေးလာရောက်စဉ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့်
ဧည့်ဝတ်ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ (၁၈) ကြိမ်မြောက် အာဆီယံရေတပ်
ဦးစီးချုပ်များအစည်းအဝေး ကျင်းပပြုလုပ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံရေတပ်များ
အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍
ဆွေးနွေးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို
လိုလားကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင်
တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့်
(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်လာကြသည့်အတွက်လည်း
ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။












No comments:
Post a Comment