Tuesday, October 1, 2024

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုနယ်မြေနေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၃၀

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် () အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ကြမည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၏ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးကြမည့် မြို့နယ်ရှစ်မြို့နယ်မှ စေတနာလုပ်အားပေးနည်းပြများ၊ ကြီးကြပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကိုဗစ် ၁၉ ကပ်ရောဂါဆိုး အောင်မြင်စွာထိန်းချုပ်နိုင်ပြီးသည့်ကာလများမှစ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စာမတတ်သူ အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ်များကို ဦးတည်အုပ်စုအဖြစ် သတ်မှတ်သင်ကြားပေးသည့် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပူးပေါင်း၍ သင်ကြားပေးပြီး အမျိုးသားပညာရေး ဥပဒေပါပြဋ္ဌာန်းချက်များအရ ၎င်း၏နောက်ဆက် တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလော၊ ဟိုပုံးမြို့နယ်သုံးမြို့နယ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ နေပြည်တော်ကောင်စီနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်းကာ စဉ်ဆက်ပညာရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်လေးမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို အောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသနေ တိုင်းရင်းသားပြည်သူများအတွက်ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် မသင်ကြားခဲ့ရသူများကို ကျောင်းပြင်ပပညာရေးကဏ္ဍများဖြစ်သည့် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးတို့ဖြင့် သင်ကြားပေးခဲ့ရာ စာသင်သားဦးရေပေါင်း ၇၈၈၂၄ ဦးကို စာတတ်မြောက်အောင်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ စဉ်ဆက်ပညာရေး သင်ကြားခြင်းအစီအစဉ်များကို နှစ်အလိုက်တိုးချဲ့ဆောင်ရွက်သွားနိုင်ရန် စီမံလုပ်ဆောင်ကြရန်
ပြောကြားလိုပါကြောင်း၊ မြေပြင်တွင် စာသင်ဝိုင်းများ၌ စဉ်ဆက်ပညာရေး စတင်သင်ကြားသည့်အခါ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက လုပ်ငန်းစီမံချက်ပါအတိုင်း စီမံပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေနေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်တွင် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားပေါင်း ၅၄၁ ဦးကို ကနဦး စာရင်းကောက်ယူရရှိထားပြီး စာသင်ဝိုင်းအနေဖြင့် ၄၆ ဝိုင်းအဖြစ် စုဖွဲ့၍ အဆိုပါ စာသင်ဝိုင်းများတွင် စေတနာလုပ်အားပေးနည်းပြ/ကြီးကြပ်ပေါင်း ၁၀၇ ဦးတို့က တစ်ရက်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် ပျမ်းမျှနာရီပေါင်း ၂၇၀၊ ရက်အားဖြင့် ၉၀ ကြာ စာသင်သားပြည်သူများကို သင်ကြားပို့ချပေး သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပံ့ပိုးပေးသည့်အပေါ် နေပြည်တော်ကောင်စီ၏ အနီးကပ်စီမံမှုဖြင့် ဆောင်ရွက်သွားမည့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါ သင်တန်းသို့ သင်တန်းတက်ရောက်လာကြသည့် စေတနာလုပ်အားပေး နည်းပြများနှင့် ကြီးကြပ်များကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သင်တန်းကာလ ငါးရက်တာ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment