Tuesday, October 1, 2024

ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လာမည့်ခရီးသွားရာသီကာလတွင် ပြည်တွင်း/ပြည်ပခရီးသွားများ ပိုမိုလည်ပတ်နိုင်ရေးအတွက် မြှင့်တင်ကြော်ငြာဆောင်ရွက်ရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၃၀

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသများသို့ လာမည့်ခရီးသွား ရာသီကာလအတွင်း ပြည်တွင်း/ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန် မြှင့်တင်ကြော်ငြာဆောင်ရွက်ရေးနှင့် သွားလာလည်ပတ်မှု အဆင်ပြေစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 ကြိုတင်ပြင်ဆင်ထား

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့်ခရီးသွားရာသီ ကာလတွင်မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ အဆင်ပြေချောမွေ့စွာ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသရှိ ခရီးစဉ်များကို ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ကြောင်း ပြည်တွင်း/ ပြည်ပခရီး သွားဧည့်သည်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများက သိရှိရန်လိုပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ခရီးစဉ် ဒေသများကို နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင်ကြော်ငြာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရုံးခွဲများနှင့်ရုံးချုပ်တို့ပေါင်းစပ်ပြီး ထိုးဖောက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားသဖြင့် ဝန်ကြီးဌာနရှိရုံးချုပ်နှင့် နယ်ရုံးခွဲများက ဝန်ထမ်းများအားလုံး ဟန်ချက်ညီစွာ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ခေတ်နှင့်အညီ နည်းပညာရပ်များအသုံးချ၍ မြှင့်တင်ကြော်ငြာဆောင်ရွက်ကြရေး၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းအမျိုးအစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာမည့်ခရီးသွားရာသီကာလအတွင်း ခရီးသွားများသွားလာလည်ပတ်မှု အဆင်ပြေစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မြှင့်တင်ကြော်ငြာ ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိ ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment