နေပြည်တော် အောက်တိုဘာ ၂၁
အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေး တောင်းခံနေသူ ကျော်ခိုင်ဦးသည် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် ရောက်ရှိနေကြောင်း မတရားမှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ် (၂၂၆) ၌ ကျော်ခိုင်ဦးနှင့် ၎င်း၏ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ
ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲမြို့နယ်၊ ပန်မောက်ကျေးရွာ၌
နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မ လူသစ်စုဆောင်းသဖြင့် ၎င်းအဖွဲ့ထံ
ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်း မရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊
၎င်းနောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍
လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
၂၀၂၁ ခုနှစ်၊
နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား
အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှ
ဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တန်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း
ခြိမ်းခြောက်ပြောဆို၍ ငွေကြေးများ တောင်းခံခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉
ရက်အထိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအနေဖြင့် လားရှိုးမြို့မှ
၄ ဦး၊ သီပေါမြို့မှ ၁ ဦး၊ မူဆယ်မြို့မှ ၅ ဦး၊ နမ့်ခမ်းမြို့မှ ၂ ဦး၊ တောင်ကြီးမြို့မှ
၁ ဦး၊ လွိုင်ကော်မြို့မှ ၁ ဦး၊ ပြင်ဦးလွင်မြို့မှ ၄ ဦး၊ နောင်ချိုမြို့မှ ၁ ဦး၊ မန္တလေးမြို့မှ
၈ ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးတို့ထံမှ ခြိမ်းခြောက်၍ ငွေ ၂၂၁,၃၀၀,၀၀၀
ကျပ် တောင်းခံခဲ့ကြောင်း၊ ရရှိငွေကြေးများအား ယာဉ်အမှတ်၊ YGN-13 9Q/9165 Soueast ယာဉ်အား
ငွေကျပ် သိန်း ၄၀၀ ဖြင့် လည်းကောင်း၊ မိုးကြိုးပစ်ကျေးရွာရှိ နေအိမ်အား ငွေကျပ် သိန်း
၁၄၀၀ ဖြင့်လည်းကောင်း ဝယ်ယူခဲ့ပြီး ကျန်ငွေများအား လောင်းကစားခြင်း၊ သောက်စားပျော်ပါးခြင်းများတွင်
ကိုယ်ကျိုးသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ရိုးသားမှန်ကန်စွာ
လုပ်ကိုင်စားသောက်နေထိုင်သော အများပြည်သူများအား ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် တရားခံများကို
တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း
ခြိမ်းခြောက်ငွေကြေးတောင်းခံ ရပါက အလွယ်တကူမယုံကြည်ကြရန်နှင့် ထိုသို့ဆောင်ရွက်နေသူများအား
ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ တရားခံများ၏ သတင်းအား
ရရှိပါက ၎င်းတို့အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊
သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်
ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး
ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။




No comments:
Post a Comment