အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၅ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်နှင့် ရုရှား နှစ်နိုင်ငံအကြား လယ်ယာထုတ်ကုန်သီးနှံ ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း နှစ်ဆတိုးလာကာ နှစ်စဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရောက်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ဗီယက်နမ်ထုတ်ကုန် အများအပြား ရောင်းချနေကြကြောင်း သိရသည်။ အလားတူပင် ဗီယက်နမ်မှ တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း လယ်ယာထွက်ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၄ သန်းအထိ ရောက်ရှိခဲ့ကြောင်းနှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးနှုန်းတို့မှာ တောင်ကိုရီးယားစားသုံးသူများ၏ နှစ်သက်သဘောကျမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား မြင့်မားလာသည်ဟုလည်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏
ပို့ကုန်များကို လေ့လာပါက ဆန်၊ ကော်ဖီ၊ ရော်ဘာ၊ သစ်အချောထည်၊ ဟင်းသီးဟင်းရွက်များ၊
ငရုတ်ကောင်းနှင့် သရက်၊ ငှက်ပျော၊ ဒူးရင်း၊ နာနတ်၊ လောင်ဂန်၊ နဂါးမောက် စသည့် သစ်သီးဝလံများ၊
ပင်လယ်စာများဖြစ်ရာ မိမိတို့နိုင်ငံမှလည်း ထုတ်လုပ်နေသည့် ထုတ်ကုန်များပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိကနိုင်ငံတစ်နိုင်ငံဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍတွင်
ကုန်ထုတ်လုပ်မှုမြင့်မားမှသာ နိုင်ငံ့စီးပွားမြင့်မားလာနိုင်မည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်
မိမိတို့နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားသည် တောင်သူလယ်သမား တစ်ဦးချင်းထုတ်လုပ်မှု
စွမ်းအားတွင်ရော၊ မြေယာတစ်ယူနစ်ချင်း၏ ထုတ်လုပ်မှုစွမ်းအား အရပါ ဒေသတွင်းနိုင်ငံများ၊
အိမ်နီးချင်းနိုင်ငံများအောက် များစွာနိမ့်ကျလျက်ရှိသည်ဟု သိရသည်။ တောင်သူတစ်ဦးချင်းစီ
ထုတ်လုပ်မှုတန်ဖိုးတွင် အာဆီယံနိုင်ငံများအားလုံး ပျမ်းမျှ ၁၃၂၈ ဒေါ်လာ ထုတ်လုပ်နိုင်ပြီး
မြန်မာက ဒေါ်လာ ၃၀၀ ဝန်းကျင်နှင့် မြေယာတစ်ဟက်တာချင်း၏ ထုတ်လုပ်မှုတန်ဖိုးတွင် အာဆီယံ
နိုင်ငံများအားလုံး ပျမ်းမျှ ၁၄၉၂ ဒေါ်လာ ထုတ်လုပ်နိုင်ပြီး မြန်မာ က ၄၅၁ ဒေါ်လာသာ
ထုတ်လုပ်နိုင်သည်ကို တွေ့ရသည်။ CLMV နိုင်ငံများထဲမှ ကမ္ဘောဒီးယားက ၆၂၇ ဒေါ်လာ၊ လာအိုက
၈၂၂ ဒေါ်လာ၊ ဗီယက်နမ်က ၁၉၇၈ ဒေါ်လာ ထုတ်လုပ်နိုင်ကြရာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ
ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန် များစွာကြိုးပမ်း အားထုတ်ကြရဦးမည်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ နိုင်ငံ ၏ အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့်
စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့်
နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့်
နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များ
ပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးကြောင်း၊
သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်
တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး၊ တိုင်းဒေသကြီး
ပြည်နယ်နှင့် ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုး၍ စံနမူနာပြ ဆောင်ရွက် သွားရန်လိုကြောင်း၊
အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်း
ပြောကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍ
ထုတ်လုပ်မှုမြင့်မားရေးအတွက် တောင်သူတစ်ဦးချင်း ထုတ်လုပ်နိုင်စွမ်းအရရော၊ မြေတစ်ဧကချင်း
ထုတ်လုပ်နိုင်စွမ်းအရပါ တိုးတက်မြင့်မားလာရန် လိုအပ်သည်။ တောင်သူ တစ်ဦးချင်း ထုတ်လုပ်နိုင်စွမ်းမြင့်မားစေရန်
လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရမည်ဖြစ်သကဲ့သို့ မြေတစ်ဧကချင်း ထုတ်လုပ်နိုင်စွမ်း
မြင့်မားစေရန် မျိုး၊ မြေ၊ ရေ၊ နည်းတို့ မှန်ကန်စွာ သုံးစွဲကြရမည်ဖြစ်သည်။ သီးထပ်စွမ်းအားအရလည်း
မြေတစ်ဧက အပေါ်တွင် စပါးပြီးစပါး၊ စပါးပြီးပဲ၊ စပါးပြီး - ပဲ- စပါး စသည်ဖြင့် စိုက်ပျိုးနိုင်သည်နှင့်အမျှ
သီးထပ်စွမ်းအား နှစ်ဆ သုံးဆ မြင့်မား လာမည်ဖြစ်ရာ စိုက်ပျိုးစွမ်းအား မြင့်မားရေးအတွက်
တောင်သူများက လုံ့လဝီရိယ အားထုတ်ကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနများ၊ ပညာရှင်များက
ဝိုင်းဝန်းကူပံ့မြှင့်တင်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:
Post a Comment