Thursday, October 3, 2024

ရေဘေးထိခိုက်ခံစားရသော ကျည်တောင်ကျေးရွာအုပ်စုရှိ ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ခြင်းနှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေး


နေပြည်တော် အောက်တိုဘာ ၂

ရာဂီတိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် ရေဘေးထိခိုက်ခံစားရသော ကျည်တောင်ကျေးရွာ အုပ်စုရှိ ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ခြင်းနှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ လှေခွင်းတောင်ကိုးခန်းကြီးကျောင်း၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအတွင်း ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်များ၊ အသက်သုံးနှစ်အောက်ကလေးများ၊ အသက် ၇၅ နှစ် အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် ငွေသားနှင့်ပစ္စည်းနှစ်မျိုးလုံးကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသခံပြည်သူလူထုအနေဖြင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများကြောင့် နောက်ဆက်တွဲထိခိုက်ခံစားရခြင်းများကို စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့များပေးပြီး ပြန်လည်ထူထောင်ပေး သွားမည်ဖြစ်ကြောင်းပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယနေ့တွင်ရေဘေးသင့်ထိခိုက်လွယ်သူများဖြစ်သည့် ကိုယ်ဝန်ဆောင်၊ အသက်သုံးနှစ်အောက် ကလေး၊ မသန်စွမ်းနှင့် အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အိုများကို နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးခြင်းအပြင် နေပြည်တော်ကောင်စီအနေဖြင့်လည်း ခေါက်ဆွဲ၊ ဆန်၊ အသားဘူးများလှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများကို လာရောက် အားပေးခြင်းဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

လိုက်လံကြည့်ရှုအားပေး

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ထိခိုက်လွယ်အုပ်စုဝင် ၁၅၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄၅၆၀၀၀၀ အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ Hygine Kit၊ ဆေးစိမ်ခြင်ထောင်၊ ဆပ်ပြာခဲ၊ ရေသန့်ဆေးနှင့် ကလေးများအတွက် ကစားစရာများ၊ မုန့်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခေါက်ဆွဲ၊ ဆန်၊ အသားဘူးများကိုလည်းကောင်း ပေးအပ်လှူဒါန်းပြီး စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းများဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment