Thursday, October 3, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင်အတွင်းရှိ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါး၊ မိုးနေကြာစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး


ပုသိမ် အောက်တိုဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်အောင်ခရိုင်အတွင်းရှိ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် အောက်စုကျေးရွာရှိ တောင်သူဦးတင်ထွန်း၏ မိုးစပါးရေကြီး နစ်မြုပ်ဧရိယာ စိုက်ဧက ၂ ဒသမ ၅၀ ဧက တွင် ဗျော့ထွန်းစပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ကညင်ငူကျေးရွာရှိ တောင်သူဦးအောင်စိုး၏ ယာမြေတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် ငါးဧကစိုက်ပျိုးပွဲကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ကဇွန်းခုံ ကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံအထူးဇုန် မြေပဲ၊ နှမ်း၊ နေကြာဧက ၃၅၀ စိုက်ခင်းရှိ တောင်သူဦးမိုးကျော်သူ၏ မိုးနေကြာ (ဆင်းရွှေကြာ-၂)နှင့် မိုးမြေပဲ (မကွေး-၁၂)စိုက်ခင်း၊ တောင်သူဦးအေးလင်း၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) စိုက်ခင်း၊ တောင်သူ ဦးမြင့်အောင်၏ မိုးနှမ်း (စမုန် နက်)စိုက်ခင်းတွင် ပေါင်းလိုက်ခြင်း၊ သမန်း နှိုးခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် မြန်အောင်မြို့ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့် ဆီစက်သို့သွားရောက်၍ မြေပဲ၊ နေကြာဆီများ ကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ ယခင်နှစ်များထက် နေကြာဆီပိုမိုကြိတ်ခွဲရရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်အောင်မြို့ အမှတ် (၄) ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားဘာသာရပ်သင် ဆရာဆရာမများက Tablet များဖြင့် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူနေမှု၊ ပြည်သူများက စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကို ကြည့်ရှုအားပေးသည်။

အမှာစကားပြောကြား

ဆက်လက်၍ မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများ ထံသို့မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ကြသည်။

သတင်းစဉ်

No comments:

Post a Comment