Thursday, October 3, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ကြောင်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၊ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး

နေပြည်တော် အောက်တိုဘာ ၃

မြန်မာနိုင်ငံအနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် အချို့သောဒေသများတွင် ဒေသအလိုက် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 




ထို့ကြောင့် ပန်းလောင်မြစ်အထက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုများဖြစ်ပေါ်ခဲ့ရာ ပန်းလောင်မြစ်အထက်ပိုင်းရှိ တောင်ကျချောင်းရေများစီးဆင်းမှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ပန်းလောင်မြစ်၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါမြစ်ဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် ရွာခိုင်ကြီးကျေးရွာ၊ အိမ်ရှေ့တောင်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ မြစ်ဆုံကြီးကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာတို့တွင် မြစ်ရေ ၄ ပေခန့်၊ မြစ်သားမြို့၊ ကျွန်းတောရပ်ကွက်၊ မြို့မ (အရှေ့/အနောက်) နှင့် ဘူတာရပ်ကွက်၊ မြစ်သားမြို့နယ်၊ ကျွန်းလှကျေးရွာ၊ မရှက်ကျေးရွာ၊ နွားကူးလေးကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ ရွာမုန်းကြီးကျေးရွာ၊ ယွေးကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာ၊ အုန်းကုန်းကျေးရွာတို့တွင် မြစ်ရေ ၅ ပေခန့်၊ မြစ်သားမြို့၊ မင်းကုန်းရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေးရပ်ကွက်နှင့် အုပ်ရှစ်ကုန်းရပ်ကွက်များတွင် မြစ်ရေ ၃ ပေခန့် အသီးသီး ရေဝင်ရောက်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာ ၁၅ ရွာတို့မှ အိမ်ခြေ ၄၈၇၂ ခု၊ အိမ်ထောင်စု ၅၂၂၆ စု၊ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့သဖြင့် အဆိုပါရေဘေးသင့်ပြည်သူများအနက် အိမ်ခြေ ၁၁၈၀ ခု၊ အိမ်ထောင်စု ၁၁၉၀ စု၊ လူဦးရေ ၄၁၅၇ ဦးတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက လိုအပ်သည့်ကူညီရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း သွားရောက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ မြစ်သားမြို့နယ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်မီ သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးတိုက်တွန်းနှိုးဆော်ခြင်းများ၊ ကူညီရွှေ့ပြောင်းပေးခြင်းများကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရေဘေးကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

လက်ရှိဖြစ်ပေါ်နေသော မိုးလေဝသအခြေအနေများအရ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ထားပြီး ပြည်သူများအနေဖြင့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်လေ့လာဖတ်ရှု၍ သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

No comments:

Post a Comment