Thursday, October 3, 2024

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်လမ်းတံတားများနှင့် မိုစပါးစိုက်ခင်းများ ပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး

ဘားအံ အောက်တိုဘာ ၃

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသော လမ်း၊တံတားများနှင့် ထိခိုက်ပျက်စီးမိုးစပါးများ မြေဩဇာကြဲပက်ထွန်ယက်စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။










ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး၊ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားစဉ်က ရေကျော်ခဲ့သည့်လမ်းပိုင်းများကို မော်တော် ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း (ထီလုံ-ပတ) အပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် တံတားအမှတ် (၂/၇) ကျောက်စီကမ်းကပ်ခုံ (၁၀) ပေတံတား၏ ကမ်းကပ်ခုံသည် ကြံ့ခိုင်မှုအားနည်းနေ၍ ယာဉ်သွားလာမှုပြတ်တောက်မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စေရေး လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၂)က သံဘောင်ဘေလီတံတား ၃၀ ပေ (D/S) တည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ညိုက အဆိုပါလမ်းပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် နေရာ (၉) နေရာတွင်ရေကျော်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ရာ ယခုအခါ (၈) နေရာအား ပြင်ဆင်ပြီးဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ ကွင်းအမှတ် (၁၆၁၉) တွင် ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးခြင်းနှင့်သွင်းအားစုများ ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကိုတက်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ထိခိုက်သွားသောမိုးစပါးစိုက်ခင်းများအား တောင်သူများက ယူရီးယားနှင့်သဘာဝမြေဩဇာရောနှောကြဲပက်ခြင်း၊ ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများအား တောင်သူများက အသစ်တစ်ဖန်ပြန်လည်စိုက်ပျိုးခြင်းတို့ကို ကြည့်ရှုအားပေးပြီး တောင်သူများ၏တင်ပြဆွေးနွေးချက် များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ နောင်ဘိုကြီး ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်သည့်အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် နှစ်လက်မအောက်ခံငါးခုံးမကြီးကောင်ရေ ၁၀၀၀၀၀(တစ်သိန်း)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေကြသော စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်းများ မေးမြန်းစာရင်းကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment