Thursday, October 3, 2024

ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း


နေပြည်တော် အောက်တိုဘာ ၃

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

 





ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အလှူငွေများကို အားတက်သရောပေးအပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင် ဘေလီတံတားများအစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံးဆက်လက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment