Saturday, October 19, 2024

ရုပ်သေးပညာရပ်က တိမ်ကောစပြုလာတဲ့အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေရှိမှသာ ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ချပြခွင့်ရှိတာပါ။ ကမ္ဘာကအသိအမှတ်ပြုလာအောင် ချပြသွားဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်

ဒေါ်ဇာနည်အောင်

မြန်မာတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ယခု (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲကြီးပင် ငါးရက်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယင်းပြိုင်ပွဲကြီးတွင် ဇွဲမာန်အပြည့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့် ပြိုင်ပွဲဝင်များ၏ ရင်တွင်းစကားသံများကို ပြန်လည်ဖော်ပြလိုက်ရပါသည်-

ဒေါ်ဇာနည်အောင်

ရွှေဇေယျာရုပ်စုံအဖွဲ့ခေါင်းဆောင်

ဝါသနာရှင်(ပထမတန်း)

စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု

ဒီနေ့ယှဉ်ပြိုင်ခဲ့ရတာကတော့ ဝေဿန္တရာဇာတ်တော်ကြီးဖြစ်ပါတယ်။ မင်းသမီးနေရာကနေ ဆို၊ ငို၊ ပြော တာဝန်ယူရတာပါ။ သတ်မှတ်ထားတာကတော့ ကြိုးဆွဲနဲ့ ဆို၊ ငို၊ ပြော ၁၃ ယောက်၊ ဆိုင်း ခုနစ်ယောက် ဖြစ်ပါတယ်။ မနှစ်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတုန်းကလည်း စစ်ကိုင်းတိုင်း ဒေသကြီးကိုယ်စားပြုနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီတုန်းက တတိယဆုရရှိခဲ့ပါတယ်။ ဇာတ်ညွှန်းအပိုင်းမှာတော့ ရွှေတံဆိပ်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဇာတ်ညွှန်းဆု၊ ဆို၊ ငို၊ ပြော၊ ဆိုင်း၊ ကြိုးဆွဲ၊ အဖွဲ့လိုက် စတဲ့ဆုတွေပေးပါတယ်။ ကိုယ်တိုင်ကလည်း ယဉ်ကျေးမှုဝန်ထမ်းဆိုတော့ တီးတာ၊ မှုတ်တာတွေအပါအဝင် အနုပညာနဲ့ပဲ ရပ်တည်နေတာ ဖြစ်ပါတယ်။ နောင်လာ နောက်သားတွေကိုလည်း အနုပညာစိတ်ဝင်စားလာအောင် ပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်တွေရှိပါတယ်။ ရုပ်သေးပညာရပ်ကို ကျွန်မတို့မြန်မာလူမျိုးတွေက အမြတ်တနိုးတန်ဖိုးထားပြီး ကမ္ဘာကသိအောင်ချပြနိုင်ဖို့လိုပါတယ်။ ဒီပညာရပ်က တန်ဖိုးရှိပါတယ်။ အရုပ်တစ်ရုပ်ကို ကြိုးတွေအများကြီးနဲ့ဆွဲရတယ်။ အခုလိုပွဲကြီးတွေ တစ်နှစ်မှာ သုံး၊ လေးပွဲလောက်ရှိရင် ပိုပြီးလူသိများလာမယ်။ ကမ္ဘာကလည်း သိလာမယ်။ ရုပ်သေးပညာရပ်က တိမ်ကောစပြုလာတဲ့အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေရှိမှသာ ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ချပြခွင့်ရှိတာပါ။ ကမ္ဘာက အသိအမှတ်ပြုလာအောင်ချပြသွားဖို့လည်း ရည်ရွယ် ချက်ရှိပါတယ်။ သင်ယူတဲ့သူနည်းလာတာကလည်း မြန်မာနိုင်ငံမှာ ကြိုးဆွဲပညာနဲ့ရပ်တည်ဖို့ လုပ်ငန်းကိုင်ငန်းတွေ နည်းလာတာလည်းပါပါတယ်။ ဒါကြောင့် ကြိုးဆွဲပညာရပ်ကို အများကြီးဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

မောင်နိုင်ဝင်းကိုကို

ဝါသနာရှင်(ဒုတိယတန်း)

အဆို(မဟာဂီတ)ပြိုင်ပွဲဝင်

မဟာဂီတပြိုင်ပွဲမှာ စိန်ကြောင်နီလာ (ပတ်ပျိုး) သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ ပြဋ္ဌာန်း သီချင်း ငါးပုဒ်ရှိပါတယ်။ အဲဒီသီချင်းတွေထဲက မဲနှိုက်ပြီး ကျတဲ့သီချင်းကို ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါ တယ်။ ပြဋ္ဌာန်းသီချင်းငါးပုဒ်ကတော့ ဆဒ္ဒန်အိုင်သာ (သီချင်းခံ)၊ ကောင်းချီးသင်္ခါ(မွန်)၊ စိန်ကြောင်နီလာ (ပတ်ပျိုး)၊ ဖြူပြာမူယာ(ပတ်ပျိုး)၊ တောတောင်စွယ် (ယိုးဒယား)စတဲ့သီချင်းတွေကို လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီလို ပြဋ္ဌာန်းသီချင်းတွေ ထွက်လာတဲ့အချိန်မှာ ဆရာတွေက လိုအပ်တာတွေ သင်ကြားပြသပေးပါတယ်။ အခုလို ဗဟိုအဆင့်တက်လှမ်းနိုင်ဖို့အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေကိုလည်း အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ပြီးမှ တက်လှမ်းခဲ့ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ စတင်ကျင်းပတဲ့ (၂၃) ကြိမ်မြောက်မှာ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ မန္တလေးတိုင်း ဒေသကြီးကိုယ်စားပြု ငွေတံဆိပ်ရရှိခဲ့ပါတယ်။ (၂၄)ကြိမ်မြောက်မှာတော့ ကြေးတံဆိပ်ဆုရရှိခဲ့ပါ တယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်တွေလည်း ထပ်ပြီးပေါ်ပေါက်လာနိုင်မယ်လို့ မျှော်လင့်သလို ယုံလည်းယုံကြည်တယ်။ မြန်မာ့ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သင့် ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြန်မာ့ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အခုလိုမျိုးပြိုင်ပွဲကြီးတွေ ကျင်းပပေးသင့်တယ်လို့လည်းထင်ပါတယ်။ မြန်မာ့အနုပညာကို မြတ်နိုးတန်ဖိုးထားသူတစ်ယောက်လည်း ဖြစ်တာကြောင့် မြန်မာသံ၊ မြန်မာ့ဂီတနဲ့ မြန်မာ့အနုပညာကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း ရည်ရွယ်ထားပါတယ်။ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဖြစ်မြောက်အောင် အဓိကကူညီပံ့ပိုးပေးတဲ့ တာဝန်ရှိသူတွေ၊ သင်ကြားပြသပေးတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲမှာ အားတက်သရောလာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးဝင်းထွဋ်အောင်

ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲအုပ်ချုပ်သူ

အခြေခံပညာ(အသက် ၁၀-၁၅ နှစ်)

ဧရာဝတီတိုင်းဒေသကြီး

ကျွန်တော်တို့တိုင်းဒေသကြီးမှာ ခရိုင်အလိုက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့တွေရှိပါတယ်။ ကျွန်တော်ကတော့ ပုသိမ်ခရိုင်အတွက် တာဝန်ယူထားတာပါ။ ဒီပြိုင်ပွဲဝင်တွေ အတွက် အစစအရာရာ အနီးကပ်စောင့်ရှောက်ရ ပါတယ်။ တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ ပံ့ပိုး၊ အုပ်ထိန်းသူအားလုံး စုစုပေါင်း ၄၅၀ ဝန်းကျင်ရှိပါတယ်။ အခုအခြေခံပညာ (အသက် ၁၀-၁၅ နှစ်)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကလေးတွေက မျိုးရိုးလိုက်ပြီး ဝါသနာထုံတယ်လို့ ပြောလို့ရတယ်။ ဆိုင်းအဖွဲ့လိုက်မှာဆိုရင် တိုင်းဒေသ ကြီးမှာ ပထမ၊ ဒုတိယအဆင့်တွေရရှိခဲ့တဲ့ ကလေးတွေကို စုပြီးလေ့ကျင့်ပျိုးထောင်ခဲ့တာပါ။ အခက်အခဲ တော့ အများကြီးရှိခဲ့ပါတယ်။ ကလေးတွေကို နံနက်၊ နေ့လယ်၊ ညဆိုပြီး အချိန်သုံးပိုင်းခွဲကာ လေ့ကျင့်ပေးခဲ့ရပါတယ်။ မနှစ်ကဆိုရင် အခြေခံပညာ (အသက် ၁၅-၂၀ နှစ်) ဆိုင်းအဖွဲ့လိုက်မှာ ရွှေတံဆိပ်ဆုမှန်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လွဲခဲ့ရပါတယ်။

မထက်ထက်သီရိဝေ

အရေးပြိုင်ပွဲဝင်

အခြေခံပညာ(အသက် ၁၅-၂၀ နှစ်)

ကချင်ပြည်နယ်ကိုယ်စားပြု

အခုလို ဗဟိုအဆင့်ရောက်အောင် မြို့နယ်၊ ခရိုင်အဆင့်တွေမှာ ကြိုးစားအားထုတ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက်လည်း အများကြီးလေ့ကျင့် ပြင်ဆင်ခဲ့ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကျင်းပတာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အထိ ရောက်ရှိခဲ့ပြီဆိုပေမယ့် အခုတစ်ကြိမ်က ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အခက်အခဲတွေရှိခဲ့ပေမယ့် အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်ကြောင့် အကောင်းဆုံးရလဒ်ထွက်ပေါ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုကတော့ အရေးပြိုင်ပွဲတစ်ခုတည်းပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အရေးပညာနဲ့ပတ်သက်ပြီး ဆရာ ဦးနေမျိုးအောင်က သင်ကြားပြသပေးခဲ့ပါတယ်။ အရေးကတော့ ငယ်ငယ်ကတည်းက ကဗျာ၊ ဝတ္ထု ရေးနေကျဖြစ်ပါတယ်။ အနုပညာပိုင်းမှာ ဖေဖေကလည်းဝါသနာပါတယ်။ သမီးကလည်းဝါသနာပါတယ်။ ပြီးတော့ ကဗျာတွေ၊ စာစီစာကုံးတွေ၊ ဝတ္ထုတွေ ကျောင်းမှာဝင်ပြိုင်နေကျဖြစ်လို့ သီချင်းရေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ ဘယ်ဆုရရမယ်ဆိုပြီး မျှော်လင့်ထားတာတော့မရှိပါဘူး။ ပြိုင်ပွဲဝင်ဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့တဲ့အတွက် ထိုက်တန်တဲ့ရလဒ်တစ်ခုရရှိဖို့တော့ မျှော်လင့်ထားပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အနုပညာကို ခေတ်အဆက်ဆက် ဆက်လက်ထိန်းသိမ်းပေးလာတယ်။ လူငယ်တွေအပေါ်မှာ မြန်မာ့ဂီတလွှမ်းမိုးနိုင်အောင်လို့ အများကြီးပံ့ပိုးပေးပြီး နှစ်စဉ်ကျင်းပပေးနေတဲ့အတွက် အလွန့်အလွန် ကျေးဇူးတင်မိပါတယ်။ နောက်နှစ်ကျရင်တော့ မယ်ဒလင်ကိုပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။

မောင်အောင်မျိုးဟိန်း

အတီး(ပလွေ)ပြိုင်ပွဲဝင်

အဆင့်မြင့်ပညာ(အမျိုးသား)

ကယားပြည်နယ်ကိုယ်စားပြု

ပလွေပြိုင်ပွဲမှာ အားရကျေနပ်မှုရှိခဲ့တဲ့အတွက် ရွှေတံဆိပ်ရဖို့အတွက်အထိ မျှော်မှန်းထားပါတယ်။ ပလွေပြိုင်ပွဲမှာ သီချင်းသုံးပုဒ် လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီသီချင်းတွေကတော့ ကျွန်းကျွန်းပိုင်သ(ကြိုး)၊ ဂန္ဓမာရိပ်သာ (ပတ်ပျိုး) နဲ့ ဂန္ဓမာတောင် (ဘွဲ့) တို့ဖြစ်ပြီး ကျွန်းကျွန်းပိုင်သနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပန်တျာကျောင်းမှာ ဒီပညာတွေကို လေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။ ပလွေပညာနဲ့ နှဲပညာကို ပိုပြီးနှစ်သက်တယ်။ နှဲမှုတ်တဲ့နေရာမှာ သက်လုံကောင်းဖို့ကလည်း အရေးကြီးတယ်။ သက်လုံကောင်းဖို့အတွက် ကျွန်တော့်ဆရာက မနက်ပိုင်းကို တစ်နာရီခွဲ၊ နေ့လယ်ပိုင်းဆိုရင်လည်း တစ်နာရီ၊ တစ်နာရီခွဲ လေ့ကျင့်ခိုင်းပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို မနှစ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ (၂၄) ကြိမ်မြောက် ဒိုးပတ်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ်။ အခုပြိုင်ပွဲကတော့ ငွေရတုအထိမ်းအမှတ်လည်း ဖြစ်တာကြောင့် အကောင်းဆုံးကြိုးစားထားပါတယ်။ ဒီလိုမျိုးပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက်လည်း နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။

ဧရာဝတီသန့်ဇော်

ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် အမျိုးသားပြိုင်ပွဲဝင်

ဝါသနာရှင်(ပထမတန်း)

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်တို့အဖွဲ့မှာ အဖွဲ့ဝင်ရှစ်ယောက်ပါပါတယ်။ ဒီနှစ်ရွှေတံဆိပ်ဆုရရှိဖို့အတွက် ကျွန်တော့်အဖွဲ့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ဗဟိုအဆင့် တက်လှမ်းလာသူတွေဖြစ်တာကြောင့် အားလုံးကတော့ ကောင်းကြပါတယ်။ (၂၂) ကြိမ်မြောက်မှာ ငွေတံဆိပ်ရရှိခဲ့ပါတယ်။ အခုတစ်ကြိမ်မှာ ပြန်လည်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲတွေအပြင် ဧရာဝတီတိုင်းမှာလည်း တီးပါတယ်။ ဒီနေ့ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲမှာ ဧရာဝတီတိုင်းကိုယ်စားပြုအနေနဲ့ ဦးစက်ကလေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကတော့ ဒီပြိုင်ပွဲမစမီ တစ်လတိတိ လေ့ကျင့်ထားပါတယ်။ ဆိုင်းပညာကို အသက်ရှစ်နှစ်သားကတည်းက လေ့လာသင်ယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကျော်ဆိုင်း ဆရာကြီးစိန်စတင်း၊ မွန်ပြည်နယ်ကိုကိုနိုင်၊ မန္တလေးစိန်မျိုးသန့်တို့က ကျွန်တော့်ဆရာတွေဖြစ်ပါတယ်။ ဆိုင်းပညာကို လက်ဆင့်ကမ်းအနေနဲ့ မွေးထုတ်ပေးခဲ့ တာ (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအဆင့်မြင့်ပညာမှာ တပည့်ဖြစ်သူ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဆိုင်းပညာက ပြောရရင်ခက်ခဲပါတယ်။ ပတ်စာကပ်တာကအစ တီးတာ၊ မှုတ်တာအဆုံး အကုန်လုံးကို လေ့လာရပါတယ်။ ပတ်စာကပ်တာ အသံယွင်းသွားရင် ယွင်းတဲ့အလျောက် အမှတ်လျှော့ခံရတာဖြစ်ပါတယ်။ ယှဉ်ပြိုင်ရတဲ့အချိန်ကတော့ နာရီဝက်ဖြစ်ပါတယ်။ နာရီဝက်အတွင်း လစ်ဟာမှုမရှိအောင် ကျွန်တော့်ဆိုင်းအဖွဲ့ကို ကြိုးစားထားပါတယ်။

တွေ့ဆုံမေးမြန်း - ခိုင်သန္တာရွှေ

ဓာတ်ပုံ - အလင်းသစ်

No comments:

Post a Comment