သဲဟန် (ဘန်ကောက်)
ဘယ် ညာ ၊ ဘယ် ညာ ၊ ဘယ် ညာ၊ ဘယ် . . .
ကောက်ရိုးခြေထောက် မြက်ခြေထောက်။
သင်ဟာ ဘယ်သန်လား၊ ညာသန်လား၊ သင့်ကိုယ်သင် သိပါရဲ့လား။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ သဘောထားကို လေ့လာကြည့်ရင် သင်ဟာဘယ်သန်လား၊ ညာသန်လားဆိုတာ တန်းသိနိုင် လောက်တဲ့နည်းတွေ ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။
တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထားကနေ အများဆီသို့၊ အများစုဝေးနေတဲ့ အသင်းအဖွဲ့၊ အစုအဖွဲ့တွေမှာ ဘယ်သန်နဲ့ ညာသန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတာ သိသာလွန်းပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်ပေါ်က ဘယ်သန် ညာသန်၊ ဘယ် ညာ၊ ဘယ် ညာများဆီသို့ တစ်ချက်လောက် ငဲ့ကြည့်ကြရအောင်ပါ။
မီဒီညာများ ညာသန်နေကြသလား
Media Ethic ခေါ်တဲ့ သတင်းစာ၊ စာနယ်ဇင်းများကျင့်ဝတ်မှာ အင်တာနက်လိုင်းပေါ်က လူမှုကွန်ရက် သတင်းအားလုံး၊ ဆိုရှယ်မီဒီယာတွေအားလုံး အကျုံးဝင်ပါတယ်။ ဘယ်မှာပဲ ဖော်ပြ ဖော်ပြ Who, What, Where, When, Why, How ဆိုတဲ့ အချက်အလက်အခိုင်အမာ ဖော်ပြရပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်သူ၊ ဘာဖြစ်လဲ၊ ဘာကြောင့် ဖြစ်လဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဒီသတင်းကို ဘယ်သူ့ ဆီက ဘယ်သတင်းအရင်းအမြစ်ကရသလဲဆိုတဲ့ Evidence အခိုင်အမာ၊ အထောက်အထား အခိုင်အမာ ဖော်ပြရပါတယ်။
TABOO လို့ခေါ်တဲ့ မဖွယ်မရာ၊ မမြင်စကောင်း၊ မပြောစကောင်း၊ အနိဋ္ဌာရုံပုံတွေ ဘယ်သတင်း မီဒီယာမှာမှ ဖော်ပြခွင့်မရှိပါဘူး။ လူမှုကွန်ရက်၊ ဆိုရှယ်မီဒီယာတွေအားလုံး အကျုံးဝင်ပါတယ်။ ဒီဆောင်းပါးမှာ "TABOO" “တဘူး” လို့ပဲတိုတို သုံးခွင့်ပြုပါ။ လွန်ခဲ့တဲ့ နှစ်မကြာသေးခင်လောက်က အမျိုးသမီးငယ်တစ်ဦးကို ဘာသာခြားအမျိုးသား လူငယ်တစ်စုကအုပ်စုဖွဲ့ မတရားကျင့်တဲ့ Gang Raping အမှုတစ်ခုကို ဂီတသတင်းထောက်တစ်ယောက်က လူဆွဲဆောင်မှုရှိအောင် ရည်ရွယ်ပုံပေါ်ပါတယ်။ TABOO ပုံကို ထည့်လိုက်ရာမှာမလိုအပ်ဘဲ ဘာသာရေးအဓိကရုဏ်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ဒီပုံဟာ ဘာသာရေး လှုံ့ဆော်မှုအသွင်ထိ ကြီးကြီးမားမား ဖြစ်ပွားစေခဲ့ပါတယ်။
သတင်းသမားတွေဟာ Inter Faith Religious Diplomacy ကို ကျင့်သုံးတတ်ရပါမယ်။ နားလည် ရပါမယ်။ ဒါဟာ ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။
မည်သည့်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ ရာဇဝတ်မှုကို အပြစ်အတိုင်း၊ ဥပဒေအတိုင်း အရေးယူ ရပါတယ်။ သူဌေးရဲ့သားမို့၊ လူကြီးရဲ့သားမို့ဆိုပြီး ဥပဒေကလွှတ်ပေးတဲ့ကိစ္စမျိုး လုံးဝမရှိစေရပါဘူး။ သတင်းမီဒီယာတွေက ဘာသာရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း မိမိလိုရာဆွဲပြီး လှုံ့ဆော်မှုများ လုံးဝမလုပ်ရပါဘူး။ ဘာသာတရားမတူညီမှုကို လေးစားမှုရှိရပါမယ်။
ဒီကနေ့ လူမှုကွန်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ထဲထဲဝင်ဝင် မလေ့လာထား၊ မသိရှိထားဘဲ အခြားဘာသာတွေကို ပုတ်ခတ်စော်ကားနေကြတာဟာ မလုပ်ကောင်းပါ။
စာနယ်ဇင်းကျင့်ဝတ်
ဒီကနေ့ လူမှုကွန်ရက်ပေါ်က ဆိုရှယ်မီဒီယာတွေကို စာနယ်ဇင်းကျင့်ဝတ်အခြေခံမူဆိုတဲ့ ပေတံနဲ့ တိုင်းကြည့်မယ်ဆိုရင်တော့ အတော်လေးကို အိုးနင်းခွက်နင်းဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
စာနယ်ဇင်းကျင့်ဝတ်ဆိုတာ မှန်ကန်မှု၊ တိကျမှု၊ အချက်အလက်မှန်ကို အခြေခံတဲ့ ဆက်သွယ်မှု၊ နောက်ကွယ်မှ နှောင်ကြိုးချည်နှောင်ခိုင်းစေမှု လုံးဝကင်းမဲ့သော လွတ်လပ်သော ရပ်တည်မှု၊ ရည်ရွယ် ချက်မှန်ကန်မှု၊ ဘက်မလိုက်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ လူတစ်ဦးချင်း ပုဂ္ဂလအပေါ်မှာ သော်လည်းကောင်း၊ အခြားသော လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဘာသာ၊ နိုင်ငံ၊ အချုပ်အခြာကို စော်ကားပုတ်ခတ်ခြင်းမပြုသော လေးစားမှု ရှိရပါမယ်။
လူမှုကွန်ရက်မီဒီယာ ကျင့်ဝတ်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိဖော်ပြတဲ့ သတင်း အချက်အလက် မှန်ကန်မှု၊ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကျင့်ဝတ်နဲ့ညီကြောင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ ကိုယ်ကျင့်သိက္ခာ၊ စည်းမျဉ်းလေးစားလိုက်နာမှု ရှိရပါမယ်။ ကောလာဟလတွေ၊ အမုန်းတရားတွေ မဖြန့်ရပါ။ မိမိစိတ်ခံစားမှုပုဂ္ဂိုလ်စွဲ မိမိထင်မြင်ချက်တွေဟာ သတင်းမဟုတ်ပါ။
လူမှုကွန်ရက်မီဒီယာမှာ အဓိကအရေးကြီးတာက စစ်မှန်မှု၊ ပွင့်လင်းမြင်သာမှု၊ ဆက်သွယ်မှု ဖြစ်ပါတယ်။ အစစ်အမှန်ဖြစ်ရပါမယ်။ အတုအပ မဖြစ်စေရပါ။ နာမည်အတု၊ ပုံအတုတွေမသုံးရပါ။ အခြားသူ နာမည်၊ အခြားသူဓာတ်ပုံတွေ ခိုးယူမသုံးရပါ။ ပုံအဟောင်းတွေ Screenshot ရိုက် ပုံမှားမရိုက်ရပါ။ ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ မှန်ရပါမယ်။ ပုန်းလျှိုးကွယ်လျှိုး မရိုးမသား မလုပ်ရပါ။ နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်တွေ၊ လုံခြုံရေးကိစ္စတွေ မပေါက်ကြားရပါ။
နိုင်ငံတော်အဆင့် အတွင်းရေးသတင်းတွေကို ပြင်ပမီဒီယာသို့ရောင်းစားခြင်းဟာ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒါမီဒီယာလွတ်လပ်ခွင့် လုံးဝမဟုတ်ပါ။ ပြင်းထန်စွာ အရေးယူသင့်တဲ့ ဥပဒေချိုးဖောက်မှုပါ။ ဆက်သွယ်ရေးမှာ လူတစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့အုပ်စု၊ ကွန်ရက်ချင်းဆက်သွယ်မှုမှာ သော်လည်းကောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ ဆက်သွယ်ရေး အက်ဥပဒေနဲ့အညီသာ ရေးသားဖော်ပြခွင့်ရှိပါတယ်။ တရားဝင်ဖြစ်ရပါမယ်။ လူတစ်ဦးချင်းစီ၊ တစ်နိုင်ငံချင်းစီ စကြဝဠာ တစ်ခုလုံးနဲ့ဆိုင်တဲ့ ကျင့်ဝတ်တွေ လုံးဝမချိုးဖောက်ရပါ။
လေထဲက ဝါဒဖြန့်တိုက်ပွဲ၊ အမုန်းစွဲတွေဖြန့်တဲ့ တိုက်ပွဲ၊ ကိုယ်ကျင့်သိက္ခာကျင့်ဝတ်မဲ့ မီဒီညာတွေဟာ စာနယ်ဇင်းကျင့်ဝတ်၊ လူမှုစည်းကမ်းကို လုံးဝချိုးဖောက်တဲ့အတွက် သတင်းမှားဝါဒဖြန့်မှုတွေဟာ လူထုကို Mental Torture (စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု) သက်သက်သာ ဖြစ်ပါတယ်။ ဆင်ဆာ ဘုတ် မရှိတော့တဲ့အတွက် ဆဲသံတွေဝေနေတဲ့ လူမှုကွန်ရက်မီဒီယာတွေဟာ လူသားတွေကို ဆိုးကျိုးသာ ဖြစ်စေပါတယ်။ လောကကောင်းကျိုးမပြုတဲ့ မီဒီညာသက်သက်မျှသာ ဖြစ်ပါတယ်။
စိတ်ညစ်စရာတွေချည်းပါပဲလား
မြင်မြင်သမျှ စိတ်ပျက်စရာ၊ ကြားကြားသမျှ စိတ်ဆင်းရဲစရာအားလုံး အနိဋ္ဌာရုံတွေချည်းပါပဲလား။ သတင်းဌာနတွေ ငါးခု၊ ခြောက်ခုလောက်က လွှင့်သမျှ ဆင်တူချည်းပဲ။ ထပ်တလဲလဲ ဒါတွေပဲ၊ Who, What, Where, When, Why, How မပါ။ အချက်အလက်အတိအကျ မဖော်ပြနိုင်ဘဲ အတည်မပြုနိုင်သေးသော သတင်းအရဆိုပြီး မခိုင်မာ၊ မသေချာ၊ ဒီသတင်းကို ဝါဒဖြန့်၊ ဘယ်သူက၊ ဘယ် Network ကွန်ချာက ဘယ်အချိန်ရယူပါတယ်လို့မပါရှိဘဲ ထပ်တလဲလဲ ကြားနေရတာ။ ဟုတ်နိုး ဟုတ်နိုး စိတ်ဆင်းရဲလိုက်တာ။ ကြားသမျှ ယုံနေကြတဲ့ သတင်းစားသုံးသူတွေ အလိမ်မိနေကြတာ မသိရှာ။
ကမ္ဘာကြီးဟာ ဒုက္ခသည်စခန်းကြီး ဖြစ်နေပါပကောလား။ စိတ်ဆင်းရဲရပါတယ်။ ဗီဒီယိုတွေ ကြည့်လိုက်လည်း မကြည့်ရဲ၊ မကြည့်ရက်စရာတွေ ချည်းပဲ။ နယ်မြေလုချင်တာနဲ့ ရာထူးလုချင်တာနဲ့ လောဘ၊ ဒေါသ၊ မောဟ အခြေခံတဲ့ အတ္တတွေကြီးမား လွန်းလာတော့ ဓမ္မပျောက်၊ အဓမ္မတွေလွှမ်းပြီး မြင်းခေါင်းမှာ ချို (ဂျို) အတုတပ်ထားသလို မူမမှန်ပုံမှန်မဟုတ်ဘဲ သူတစ်ပါးကို မိမိနဲ့မတူသူ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ပုတ်ခတ်နေကြတယ်။ သတင်းစားသုံးသူတွေက ဘာကိုယုံရတော့မှာလဲ။ သတင်းအမှောင်ချ လွန်းတာလည်း တစ်ဖက်စွန်းပါပဲ။
ဆရာတော်ကြီး အရှင်သေဋ္ဌိလက မိန့်ဖူးပါတယ်။ “ကိုယ့်ဘာသာ ကိုယ့်ဝါဒ၊ ကျယ်ပြန့် ထွန်းကားချင်ရင် သူများဘာသာ၊ သူများဝါဒကို မပုတ်ခတ်ရဘူး” တဲ့။ ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘယ် လူမျိုးမှာမဆို သူတို့ရဲ့မိရိုးဖလာ အယူဝါဒ၊ ဓလေ့ ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကားမိစ္ဆာဝါဒတွေပါဆိုတဲ့ ပုံစံမျိုးနဲ့ မပုတ်ခတ်ဖို့၊ မစော်ကားဖို့ သိပ်အရေးကြီးပါတယ်။ ဒါဟာ Inter Faith Religious Diplomacy ပါပဲ။ သူများဘာသာကို မစော်ကားရပါ။ မျက်ကန်းယုံကြည်မှု မျက်ကန်း မျိုးချစ်မဖြစ်ရပါ။
အင်တာနက်၊ မီဒီယာကွန်ချာကနေ လူတွေကို မကောင်းမြင်၊ အပျက်မြင်၊ စိတ်ဆင်းရဲစရာ၊ စိတ်ပူပင်စရာတွေချည်း၊ ဦးနှောက်ထဲ ဇွတ်အတင်းထိုးသွင်းပြီး စိတ်ပိုင်းဆိုင်ရာ အလဲထိုးမှုတွေကို သတင်းစားသုံးသူတွေ ခံနေကြရတာပါ။ လူတွေရဲ့ စိတ်သန္တာန်မှာ အဆိုးမြင်ဝါဒတွေနဲ့ပဲ ခြေချုပ်မိခံ နေရတာ ထပ်တလဲလဲကြာလှပါပြီ။
ဒီနေရာမှာ အောက်စဖို့ဒ်ဆရာတော်ဟောကြားတဲ့ တရားတော်ထဲက စကားစုတစ်ခုကို ငှားရမ်းသုံး ခွင့်ပြုဖို့ ဒီနေရာကနေ ခွင့်တောင်းလိုပါတယ် ဘုရား။
“စိတ်ခံစားမှု ထောင်ချောက်” တဲ့။
သင့်ဦးနှောက်ကို အသစ်တစ်ဖန် ပြောင်းလဲနိုင်ပါသလား (Rewire Your Brain)
စိတ်ဆင်းရဲမှု၊ စိတ်ပူပန်သောကတွေဝေနေတဲ့ စိတ်ခံစားမှုထောင်ချောက်ထဲကနေ သင်ဘယ်လို ရုန်းထွက်မလဲ။ Neuroplasticity လို့ခေါ်တဲ့ ဦးနှောက်အာရုံခံဆဲလ်တွေ ရွေ့လျားပြောင်းလဲနိုင် စွမ်းကို လွန်ခဲ့တဲ့ ဆယ်ရာစုနှစ်ခုကျော်လောက်ကမှ New Brain Science ဆိုပြီး ဦးနှောက်ဆိုင်ရာ သိပ္ပံ တွေ့ရှိချက်အသစ်ကို ဦးနှောက်ဆိုင်ရာ စိတ်ပညာရှင်များ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ သတိပြုမိပါတယ်။
စိတ်ဆင်းရဲမှု၊ စိတ်ပူလောင်မှု၊ စိတ်မချမ်းသာမှုတွေဖြစ်နေတဲ့ Negative Emotion System နဲ့ စိတ်ချမ်းသာပျော်ရွှင်နေတဲ့ Positive Emotion စနစ်တွေဟာ Amygdala (အမစ်ဂလာ) နဲ့ CORTEX ဆိုတဲ့ ဦးနှောက်ရဲ့ ဧရိယာအစိတ်အပိုင်းနှစ်ခုနဲ့ သက်ဆိုင်နေပါတယ်။ စိတ်ခံစားမှုနဲ့ ဦးနှောက်ရဲ့ အာရုံခံဆဲလ်တွေ ဆက်နွှယ်မှုဟာ အတော်စိတ်ဝင် စားစရာကောင်းပါတယ်။
စိတ်ဆင်းရဲမှု၊ စိတ်ပူလောင်မှု၊ စိတ်မချမ်းသာမှုတွေဖြစ်နေချိန်မှာ ဦးနှောက်ညာခြမ်းက တက်ကြွ အလုပ်လုပ်နေပြီး စိတ်ပျော်ရွှင်နေတဲ့ အချိန်မှာတော့ ဦးနှောက်ဘယ်ခြမ်းက အလုပ်လုပ်နေပါတယ်။ စိတ်ညစ်တာ၊ မကောင်းတာဘဲ တွေ့ရရင်တော့ Negative Emotion System က အာရုံခံဆဲလ်တွေ ဟာ အကောင်းမမြင်နိုင်တော့ဘဲ ဘာမဆို ရန်လိုတဲ့စိတ်နဲ့သာ ကြည့်တတ်မြင်တတ်တာ ကြာလာတော့ သူ့ Mental Attitude ဟာ အပျက်မြင်ဝါဒီသမား ဖြစ်လာအောင် တွန်းပို့နေတော့ သူ့ဦးနှောက်က ညာသန်ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာ Amygdala (အမစ်ဂလာ) က ဓာတ်ပြုအရည်တွေ ထွက်အလုပ်လုပ်နေတာပါ။
စိတ်ချမ်းသာပျော်ရွှင်နေရင် အာရုံခံဆဲလ်တွေဟာ အကောင်းမြင်စိတ်နဲ့ပဲ ကြည့်တတ်လို့ သူ့ရဲ့ Mental Attitude ဟာ အကောင်းမြင်ဝါဒီသမား ဖြစ်လာအောင် တွန်းပို့လေတော့ ဦးနှောက်ဘယ်သန် ဖြစ်လာပါတော့တယ်။ ဒါကြောင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ သဘောထားကို လေ့လာကြည့်ရင် သင်ဟာ ဘယ်သန်လား၊ ညာသန်လား၊ စကားပြောကြည့်ရုံနဲ့ သိသာပါတယ်။
ဒါကြောင့် လူမှုကွန်ရက်တွေကပေးနေတဲ့ အနိဋ္ဌာရုံတွေ TABOO ပုံတွေဟာ Amygdala (အမစ်ဂလာ) ကို အစွမ်းကုန်လုပ်နေစေတာ ဖြစ်ပါတယ်။ ဝံပုလွေအမည်းကို အစာကျွေးနေတာပါ။ ညာခြမ်းသန်နေတာပါ။
အောက်စဖို့ဒ်ဆရာတော်ကြီးကတော့ မြတ်စွာဘုရားရဲ့ သတိပဋ္ဌာန်တရားကို Cognitive Psychology စိတ်ပညာရှုထောင့်ကနေ သုံးသပ်ပြသွားပါတယ်။
စိတ်ဆင်းရဲမှု၊ စိတ်ပူပန်မှုကို ပထမဆုံးစောင့်ကြည့်ခိုင်းပါတယ်။ ပြီးရင်လက်ခံရပါတယ်။ လက်ခံပြီးရင်တော့ အသိအမှတ်ပြုရပါတယ်။ ဒါဟာ မဟာစည်နည်းနဲ့ စာရေးသူတို့ မှတ်ခဲ့ဖူးတာနဲ့ တူပါတယ်။ သတိကို အသုံးပြုပြီး ကိုယ်စိတ်ခံစားမှု စိတ်နေသဘောထားကို သုံးသပ်ခိုင်းတာပါ။ ဦးနှောက်စိတ်ပညာရပ်စကားနဲ့ပြောရရင်တော့ ဦးနှောက်ရဲ့ CORTEX အပိုင်းအစ အလုပ်လုပ်နေတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။
စိတ်ပူပန်၊ စိတ်ဆင်းရဲနေတာကို အတင်းပိတ်ပင် တားဆီးလို့မရပါဘူး။ နည်းလမ်းမမှန်ပါ။ Ironic Process Theory မှာ မင်းမီဒီယာမှာပြောတဲ့ ဒီအကြောင်းမတွေးနဲ့နော်လို့ ကိုယ့်ဘာသာကိုယ် သတိပေးထိန်းချုပ်လိုက်တော့မှ ဒီအကြောင်းချည်း တွေးနေမိတော့တာပဲ။ ဒါကြောင့် ဇွတ်အတင်း ထိန်းချုပ်လေ စိတ်ခံစားမှုထောင်ချောက်ထဲက ရုန်းထွက်လို့ မရလေဖြစ်တော့တာပါပဲ။
မင်းဟာ ဘယ်သန်လား ညာသန်လား ပြန်စစ်ပါ
နှုတ်ကထွက်တဲ့စကားလုံးတိုင်းဟာ အကျိုးမခံစားရဘဲ ပျောက်ပျက်သွားတယ်ဆိုတာ မရှိပါဘူး တဲ့။ ဇာတ်တော်တွေကို လေ့လာကြည့်ရင် ကံသုံးပါးမှာ ဝစီကံကြောင့် ဝဋ်လည်ဒုက္ခရောက်တာတွေ တော်တော်များတာ ဖတ်ရပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ သံဃာတော်တွေကို ဆဲနေတာ၊ မဖွယ်မရာပုံတွေ Screenshot လုပ်စော်ကားနေကြတာ။ ဘာသာ၊ သာသနာကို စော်ကားနေကြတာများ ကြောက်ခမန်းလိလိ။
ပြက်လုံးတစ်ခုကို သွားသတိရမိပါတယ်။ မြန်မာတွေ ဆဲရင်း ဆဲရင်း ဆင်းရဲသွားတာတဲ့။ “ဆဲတော့ ဘာဖြစ်လဲတဲ့” အတွန့်တက်ကြသေးတယ်။ မပြစ်မှားထိုက်သူ သံဃာတွေကိုဆဲတော့ အကုသိုလ်ကံတွေဝင်လာဖို့ တံခါးဖွင့်ပေးလိုက်တာနဲ့ တူတူပဲလေ။ ကိုယ့်ကံတွေ တဖြည်းဖြည်း မှိန်သွားတာပါ။ ဝဋ်ဆိုတာ ဘဝမကူးပါဘူး။ စောင့်ကြည့်ပါ။
ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ဓမ္မမှတ်စုမှာ ဖတ်လိုက်ရဖူးတယ်။ လောကမှာ ဖြစ်ပေါ်လာတဲ့ “ဘေး” တွေ မှန်သမျှဟာ လူမိုက်တွေကြောင့်ဖြစ်တာတဲ့။ “ဗာလ” ဆိုတာ ယခုပစ္စုပ္ပန်ဘဝ အကျိုးမဲ့စေ ခြင်းနဲ့ နောင်သံသရာဘဝတွေရဲ့ အကျိုးမဲ့စေခြင်း နှစ်မျိုးကိုသာ လုပ်တယ်လို့ အဓိပ္ပာယ်ရတယ်တဲ့။
ဒီတော့ ဒီ “ဗာလ” တွေ ဦးနှောက်ထဲ ရိုက်သွင်းတဲ့ မကောင်းမြင် ဦးနှောက်ညာခြမ်းမှာပဲ သင်အမြဲ နေတော့မှာလား။ အကောင်းမြင်ဦးနှောက်ဘယ်ခြမ်း အလုပ်လုပ်ရှင်သန်ခြင်းကို သင်မလိုချင်ဘူးလား။ ဦးနှောက်ထဲက အဆိပ်တွေ အပျက်မြင်၊ အတွေးဆွေးတွေကို ဖယ်ထုတ်ပြီး ပျော်ရွှင်စေမယ့် အကောင်းမြင်အတွေးသစ်၊ အမြင်သစ်တွေနဲ့ သင့်ဦးနှောက်ကို အားသစ်မလောင်းချင်ဘူးလား။ Amygdala (အမစ်ဂလာ) ခြယ်လှယ်သမျှ၊ တစ်နေ့တစ်နေ့ ဆိုရှယ် မီဒီညာတွေ ပြောသမျှယုံပြီး ဦးနှောက်ညာခြမ်းကိုပဲ ရှင်သန်ကြီးပွားစေတော့မှာလား။
ဒါမှမဟုတ်ရင် CORTEX – BASAD TECHNIOUE နဲ့ စိတ်ပူပန်မှု၊ စိတ်ဆင်းရဲမှုတွေကို သတိနဲ့ စောင့်ကြည့်၊ လက်ခံ၊ အသိအမှတ်ပြုပြီး ဦးနှောက်ဘယ်ခြမ်း အလုပ်လုပ်ခိုင်းမလား။ သင်စဉ်းစားထား ပြီးလား။ သတိကပ်ပြီး စိတ်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင့်ဦးနှောက်ကို အသစ်တစ်ဖန် ပြောင်းလဲစေပြီး စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရွေးမလား။ ဒါကြောင့် တိုက်တွန်းချင်တယ် . . .
“ပြောင်းလိုက်စမ်း မင်းဦးနှောက်။ ဘယ် ညာ ဘယ် . . . ဘယ် ညာ ဘယ် . . . ဘယ်”
No comments:
Post a Comment