နေပြည်တော် အောက်တိုဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Plenary Hall ၌ ကျင်းပလျက်ရှိသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့်အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာအကအဖွဲ့များက တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဓလေ့ စရိုက်များ ပေါ်လွင်စေသည့် အကအလှများဖြင့် အဖွဲ့လိုက် အချိုးအဆစ်ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်နေမှုများကို အားပေးကြည့်ရှုကြသည်။
ယှဉ်ပြိုင်ကပြမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment