သီတင်းကျွတ်ကျောင်းပိတ်၊ ရုံးပိတ်ကာလများအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယခင့်ယခင်နှစ်များအတိုင်း ခရီးသွားကားများပြည့်ခဲ့သလို ငွေဆောင်၊ ချောင်းသာ စသည့်ကမ်းခြေများတွင်လည်း အပန်းဖြေသူများ စည်ကားခဲ့သည်။ အဆိုပါကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အခန်းကြိုတင်မှာယူမှုများ ပြည့်နေခဲ့သလို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုမှာ ဒေသခံများ မျှော်မှန်းထားသည်ထက် ပိုမိုများပြားခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အလုပ်အကိုင်နှင့် စီးပွားရေးတို့ ပွင့်လန်းခဲ့ကြသည်ဟုလည်း ဝမ်းမြောက်ဖွယ်ရာ သိရှိရသည်။
သီတင်းကျွတ်ညများ၏ လရောင်အောက်တွင် မီးရောင်စုံနှင့် ဆီမီးများထိန်ထိန်ညီးညီးထွန်းညှိကာ မြို့များ၊ ရွာများပျော်ရွှင်စည်ကားခဲ့ကြသော်လည်း ခြွင်းချက်အဖြစ် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့် ဒေသများမှာမူ မြို့ပျက်ရွာပျက်များဘဝသို့ ကျရောက်ဆိတ်သုဉ်းနေကြရသည်။ အကယ်၍သာ နိုင်ငံမြောက်ဖျားမှသည် တောင်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ ရှိရှိသမျှမြို့ရွာများ အေးချမ်းသာယာနေမည်ဆိုလျှင် ဤအချိန်၊ ဤကာလသည် ကျက်သရေမင်္ဂလာများနှင့် ပြည့်စုံကာ ပျော်ရွှင် ကြည်နူးဖွယ်ရာ ကာလတစ်ခုသာ ဖြစ်ပေလိမ့်မည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင် သိန်းနှင့်ချီသော ပြည်သူများ သီတင်းကျွတ်ပွဲတော် ဆင်နွှဲပျော်ရွှင်နေသည့်ပုံရိပ်များ၊ ရာဂီတိုင်ဖွန်းမုန်တိုင်းရေဘေးအတွက် ဘီလီယံပေါင်းများစွာ လှူဒါန်းခဲ့ကြသည့် မြင်ကွင်းများတွင် မိမိတို့ ပြည်သူများ၏ ပကတိသဘောကို စောကြောတွေ့ရှိ နိုင်သည်။
မြန်မာ့နိုင်ငံရေးသည် အနှောင့်အယှက်၊ အဟန့်အတား၊ အဖျက်အဆီးများကြားမှပင် ကာလယန္တရားနှင့်အတူရှေ့သို့ ဆက်လက်ခုတ်မောင်းရွေ့လျားနေသည်။ အကယ်၍သာ အဖျက်အမှောင့်တို့ မရှိခဲ့ပါလျှင် ယခုအချိန်သည် ပြည်သူရွေးချယ် တင်မြှောက်သည့် တတိယမြောက်အစိုးရတစ်ရပ်နှင့် ဒီမိုကရေစီခရီးကို ရှေ့ဆက်သွားနေချိန် ဖြစ်နေနိုင်သည်။ လက်ရှိကာလ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိုကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ မပျက်မကွက်ဆက်လက်ဆောင်ရွက်နေပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကာလလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ရှေ့ဆက်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲတွင် ပါတီစုံပါဝင်နိုင်ရေး၊ နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံ ရှေ့ဆက်သွားမည့်ခရီးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ရာ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်ဆိုင်းသွားနိုင်ရန် နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ကမ်းလှမ်းမှုပြုလျက်ရှိသည်။ နိုင်ငံနှင့် ပြည်သူကောင်းရာ ကောင်းကျိုးကို မျှော်မှန်း၍ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သော ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်ကာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ထားခြင်းဖြစ်ရာ နိုင်ငံရေးကို အကြောင်းပြု၍ လက်နက်ကိုင်ထားသည့် အဖွဲ့မှန်ပါက စားပွဲဝိုင်းဆွေးနွေးပွဲဆီသို့ တက်ရောက်လာနိုင်မည်သာဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။ ။
No comments:
Post a Comment