ငြိမ်းချမ်းအောင်
ငယ်စဉ်က ဖတ်ရှုခဲ့ဖူးသည့် ဆရာလင်းယုန်မောင်မောင်၏ “ပုလဲဆိပ်ကမ်း တစ်နေ့တာမှတ်တမ်း” စာအုပ်တွင် ဂျပန်စစ်လေယာဉ်များ အလစ်ဝင်ရောက်တိုက်ခိုက်နေသည့်ကြားမှ နီဗားဒါးစစ်သင်္ဘောပေါ်မှ ဘင်ခရာတီးဝိုင်းအဖွဲ့သည် အလံတင်အခမ်းအနားကို ပြီးစီးအောင် တီးမှုတ်သွားခဲ့သည်။ သူတို့တစ်သက်တာတွင် အမျိုးသားသီချင်းကို နှစ်ပေါင်းများစွာ တီးမှုတ်ခဲ့ရာ၌ တစ်ကြိမ်တစ်ခါမျှ တစ်ပိုင်းတစ်စဖြင့် ရပ်ပစ်ခဲ့ရခြင်းမရှိ၍ ဖြစ်သည်။
နစ်မြုပ်လုဆဲဆဲ
ဥက္ကလာဟိုးမားသင်္ဘောဝမ်းထဲရှိ ပဲ့ကိုင်အင်ဂျင်စက်ခန်းအတွင်း လှောင်ပိတ် မိနေကြသည့်
သင်္ဘောသားရှစ်ဦးတို့မှာလည်း သင်္ဘောဝမ်းထဲမှ လွတ်မြောက်ရန် ကြိုးစားခဲ့ရာ၌ ဒီမိုကရေစီစနစ်ကို
မြတ်နိုးသူများပီပီ သေအံ့ဆဲဆဲအချိန်မှာပင် ဒီမိုကရေစီစနစ်ကို လိုက်နာကျင့်သုံး ခဲ့ကြသည်။
သင်္ဘောဝမ်းထဲမှ လွတ်မြောက်ရေးအတွက် တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ကြမည် ဆိုပါက ဒီမိုကရေစီစနစ်အရ
အများသဘောတူ မဲခွဲဆုံးဖြတ်ပြီးမှသာ လုပ်ကိုင်ခဲ့ကြလေသည်။
မျက်မှောက်ကာလတွင်လည်း
ပရော်ဖက်ရှင်နယ်ဘောလုံးအားကစားသမားများသည် ပရိုပီသစွာ ကစားလေ့ရှိကြသည်။ အချို့တိုက်စစ်မှူးများဆိုလျှင်
နှစ်ပေါင်းများစွာ ကျင်လည်ကစားခဲ့ဖူးသောအသင်းဟောင်းပင်ဖြစ်စေ ဂိုးသွင်းယူ၍ သူတို့၏
ပရိုပီသမှုကို ပြခဲ့ကြသည်။ သို့သော် ကစားသမားအချို့က အသင်းဟောင်းအပေါ် စွဲမြဲတည်ရှိခဲ့ဖူးသော
သံယောဇဉ်အရ အောင်ပွဲခံခြင်းမပြုခဲ့ကြချေ။
မိမိတို့ နေ့စဉ်ကြုံတွေ့ခဲ့ရသည့်
ပတ်ဝန်းကျင်တွင်မူ ပရိုပီသစွာရပ်တည်သူများ တစ်နေ့တခြား နည်းပါးလာသည်ဟု ဆိုရမည်။ လက်ရှိလုပ်ကိုင်နေသည့်
ကိုယ့်အသက်မွေးဝမ်းကျောင်းမှုပညာနှင့် စပ်ဆိုင်သော အလုပ်အကိုင်အပေါ် အာရုံစူးစိုက်ရမည့်အစား
လုပ်ငန်းနှင့်မစပ်ဆိုင် မဆီလျော်၊ သဘာဝမကျသော ပြုမူပြောဆိုမှုများကိုသာ နယ်ပယ်နေရာအနှံ့တွင်
တွေ့မြင်လာရသည်။
တစ်နေ့က လမ်းကြုံ၍
ရပ်ကွက်ဈေးအတွင်း ဈေးဝင်ဝယ်ရင်း စိမ်းစိမ်းစိုစို ကန်စွန်းရွက်များကို တွေ့၍ ရွေးဝယ်နေခိုက်
ကန်စွန်းရွက်သည်က မဆီမဆိုင် “ နိုင်ငံက ကန်စွန်းရိုးပွဆေးတွေ မရောင်းတော့လို့ ဈေးတွေတက်ကုန်တာ။
အဲဒီနိုင်ငံက မြန်မာနိုင်ငံကို ဒုက္ခပေးနေတာ”ဟု ဆိုလေသည်။
“လာနော်၊ လတ်လတ်ဆတ်ဆတ်
ကန်စွန်းရွက်တွေ တစ်စည်းမှငါးရာတည်း၊ တန်မှ တန်၊ လှမှလှ၊ ဦးရာလူရမယ်။ ရွေးဝယ်ထား” စသည်ဖြင့်
ကိုယ့်ကုန်ပစ္စည်း အမြန်ဆုံးအရောင်းထွက်ရန် ဈေးခေါ်သံကိုမူ ဈေးထဲမှ ပြန်ထွက်ခဲ့သည့်တိုင်
သူ့ထံမှမကြားမိခဲ့ချေ။
ထိုနည်းတူ လူသုံးကုန်ဆိုင်တစ်ဆိုင်တွင်လည်း
“ဘယ်ပစ္စည်းက ဘယ်ဈေး၊ ဘယ်ပစ္စည်းက ဈေးချို ပြီး အရည်အသွေးကောင်းသည်၊ ဘယ်ပစ္စည်းက လတ်တလောလူသုံးများသည်၊
ဒါလေးသုံးကြည့်ပါလား” စသည်ဖြင့် မသိရ၊ မကြားရ။ ကြားရသည်က “ဈေးတွေတက်မှာပေါ့၊ ငွေစက္ကူတွေကို
အများကြီး ရိုက်ထုတ်နေတာကိုး”ဟူ၍သာ။
ကိုယ့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင်
အလုပ်ကို အလုပ်နှင့်တူအောင် ပရော်ဖက်ရှင်နယ် ပီသစွာ ရောင်းဝယ်နေသူများလည်း မရှိမဟုတ်၊
ရှိပါသည်။
တစ်နေ့က အုတ်၊
သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်တွင် အိမ် အတွက်လိုအပ်သော
သဲကျပ်ငါးရာဖိုးဝယ်ဖြစ်သည်။ ထိုဆိုင်တွင် အိမ်အတွက် လိုအပ်သောပစ္စည်းတချို့ သုံး၊ လေး၊
ငါးကြိမ်ဝယ်ဖူးသည်။ သို့သော် တစ်ခါဝယ်လို့ တန်ဖိုးအားဖြင့် ငွေကျပ် သုံး၊ လေး၊ ငါးထောင်ပင်
မရှိခဲ့ချေ။ သည်တစ်ခေါက်ဝယ်တော့ ဆိုင်အလုပ် သမားလေးမှာ ယခင်ထည့်ပေးနေကျလူမဟုတ်ဘဲ လူသစ်ဖြစ်နေသည်။
ကောင်တာမှာ ထိုင်နေသည့် မုတ်ဆိတ်ဖားဖားနှင့် ဆိုင်ရှင်လူကြီးက အလုပ်သမား လူသစ်လေးလုပ်နေပုံကို
အကဲခတ်နေရာ မှ ချက်ချင်းထလာပြီး “ဟေ့၊ အဲဒါငါ့ဖောက်သည်ကွ၊ ပိုထည့်ပေးလိုက်”ဟု ညွှန်ကြားပါတော့သည်။
သူသည် မိမိ၏လတ်တလော ငွေကျပ်ငါးရာထက် သူ့ဆိုင်အတွက် အမြဲတမ်းဖောက်သည်တစ်ယောက် ဖြစ်လာစေရန်
နောင်အရှည်ကို မျှော်ကိုးရည်မှန်း တွက်ချက်ရောင်းချပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ ပရော်ဖက်ရှင်နယ်
ပီသပေစွ။
စားသောက်ကုန်မှအစ
ကုန်ပစ္စည်းအစုံ ရောင်းချနေသော အသားဖြူဖြူနှင့် အစ်မကြီးများ ၏ ကုန်စုံဆိုင်တစ်ဆိုင်မှာလည်း
တစ်နေ့တစ်နေ့ လက်မလည်အောင် ရောင်းချနေသည့်ကြားက ဈေးဝယ်သူများမလစ်ဟင်းစေရန် အရောင်းဝန်ထမ်းလေးများကို
ထောင့်စေ့အောင် ဦးဆောင်မောင်းနှင်ပေးနိုင်သည်။ တစ်ခုဝယ်ဝယ်၊ ဆယ်ခုဝယ်ဝယ် အချိန်မလစ်ဟင်းစေရ၊
အချိန်မကုန်စေရပါ။ မဝယ်ယူဘဲ လက်ချည်းသက်သက် ပြန်ထွက်သွားသူမရှိစေရလောက်အောင် အာရုံစူးစိုက်မှုအပြည့်ဖြင့်
ကြီးကြပ်ရောင်းချပေးလျက်ရှိသည်။
သို့ရာတွင် မိမိတို့ပတ်ဝန်းကျင်ရှိအများစုမှာမူ
ဈေးဝယ်သူဆိုင်ရှေ့ရပ်နေသည့်တိုင် ဖုန်းပွတ် မပျက်၊ မတတ်သာ၍ ရောင်းချပေးသည့်တိုင် သူ့ကို
အနှောင့်အယှက်လာပေးသလို မျက်နှာထားနှင့်ဖြစ်၍ ကိုယ်ကပင်အားနာသလို ဖြစ်ရသည်။
သူတို့အဖို့ ကိုယ့်အသက်မွေးဝမ်းကျောင်းမှု
အလုပ်ထက် ပလိဗောဓမည်သော အပိုအလုပ်များ ကိုပို၍ ကြောင့်ကြစိုက်လေ့ရှိကြသည်။ အာရုံစိုက်လေ့ရှိကြသည်။
တက္ကစီဆရာအချို့က ဒီမိုကရေစီ စကားကို အမြှုပ်ထွက်မတတ်ပြောကြားပြီး ခရီးသည်တွေ့လျှင်
ရှေ့ကားနောက်ကားမကြည့် ရပ်ချင် သည့်နေရာ ထိုးရပ်သည်။ တစ်ခါတစ်ရံ ကိုယ်မောင်းနှင်ရမည့်ခရီးအတွက်
ခရီးသည်ကို ဘယ်လမ်းက မောင်းရမလဲဟုပင် ပြန်မေးချင်မေးတတ်သည်။
ဆိုက်ကားဆရာများကလည်း
ပြီးခဲ့သည့်ဒီမိုကရေစီပါတီစုံရွေးကောက်ပွဲအကြိုကာလများတွင် ကိုယ်နှစ်သက်ထောက်ခံရာ ပါတီအလံများ
တလူလူလွှင့်၍ ဥဒဟိုနင်းကြသည်။ ကိုယ့်ကိုပိုက်ဆံ ပေးမည့်ခရီးသည်များကို အဝါ၊ အစိမ်း၊
အနီ အရောင် ကာလာများဖြင့် ခွဲခြားကန့်သတ်လိုက်ခြင်းဖြစ် သည်။ သူလွှင့်ထူထားသည့် ပါတီအလံကိုကြည့်၍
မထောက်ခံသူက တက်မစီးတော့။ သို့နှင့် ခရီး တစ်ခေါက်စာနစ်နာရုံမက ဖောက်သည်ကောင်းတစ်ယောက်ကိုလည်း
ဆုံးရှုံးသွားရခြင်းဖြစ်ပေ သည်။ အမှန်တကယ်အားဖြင့်မူ ကိုယ့်အသက်မွေး ဝမ်းကျောင်းအလုပ်က
ဆိုက်ကားနင်းပြီး စီးပွားရှာ ရသည်ဖြစ်၍ နီနီ၊ စိမ်းစိမ်း၊ ဝါဝါ၊ ပြာပြာ ကိုယ့်အလုပ်မဟုတ်။
ကိုယ့်အလုပ်က သမ္မာအာဇီဝအလုပ်ဖြင့် ခရီးသည်ထံမှ ပိုက်ဆံရှာဖွေရေးပင်ဖြစ်သည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်းတွင်မူ
စိတ်ခံစားချက် ပြင်းထန်သူ များ၊ တစ်ဖက်စွန်းရောက်သူများသည် အရာရာကို နိုင်ငံရေးအမြင်ဖြင့်
ရောထွေးယှက်နွှယ်ကာ သဘာဝ မကျသော၊ ပရော်ဖက်ရှင်နယ်မပီသသော အတွေးအမြင်၊ ပြောဆိုလုပ်ကိုင်မှုများကို
ပိုမိုလုပ်ဆောင် လာကြသည်။
နိုင်ငံရေး အကြောင်းအရာတစ်ခုတည်းကိုသာ
ရှေ့တန်းတင်လာကြ၍ ဆွေမျိုးသားချင်း၊ မိတ်ဆွေ သင်္ဂဟများအချင်းချင်းကြား မခေါ်နိုင်၊
မပြောနိုင် မဆိုနိုင်ဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာခဲ့ကြသည်။ လူမှုစီးပွားဘဝတွင်လည်း
နိုင်ငံရေးသာအခရာဖြစ်လာ၍ မိမိတို့ အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် ဆက်စပ်သောလုပ်ငန်းများ
ဆုတ်ယုတ်ပျက်စီးလာခဲ့ကြသည်။
အထူးသဖြင့် ကျေးလက်ဒေသများတွင်
အလုံးစုံပျက်သုဉ်းရေးကို လိုလားသူ နိုင်ငံရေးသမား အမည်ခံအဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်
အပြစ်မဲ့ပြည်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည်ဖြင့် အဘက်ဘက်မှ
ဆုံးရှုံးနစ်နာမှု များစွာကြုံတွေ့ခဲ့ကြရ လေသည်။
နိုင်ငံရေးအစွဲအလမ်းများကား
ကြီးမားလျှင် ကြီးမားသလို၊ ပြင်းထန်လျှင် ပြင်းထန်သလို ကြောက်မက်ဖွယ်ကောင်းလှသည်။ မိမိအကျိုး
စီးပွားကို တူးဖြိုနေသည်ကိုပင် တူးဖြိုနေမှန်း မသိရ လောက်အောင် ဆိုးရွားလှသည်။ မိမိတို့၏ရင်သွေးသားသမီးများကို
ပညာတတ်များ ဖြစ်လာစေရန် ပရော်ဖက်ရှင်နယ်ပီသစွာ ပညာသင်ပေးနေသော ဆရာ ဆရာမများကို CDM
မလုပ်၍ဟုဆိုကာ အုပ်စု ဖွဲ့၍ အော်ဟစ်လှောင်ပြောင် မောင်းထုတ်ကြသည်။
မိမိတို့ ကျေးလက်နေပြည်သူများ၏
ကျန်းမာရေးကို ပရော်ဖက်ရှင်နယ်ပီသစွာ ပြုစုစောင့်ရှောက် ကုသပေးနေသော ဆရာဝန်များနှင့်
ကျန်းမာရေးဝန်ထမ်းများကိုလည်း CDM မလုပ်၍ဟုဆိုကာ အုပ်စုဖွဲ့၍ အော်ဟစ်လှောင်ပြောင်ဆန္ဒပြကာ
ဆေးရုံမှမောင်းထုတ်ကြပြန်သည်။
ရုပ်ရှင်အနုပညာအပါအဝင်
နယ်ပယ်အသီးသီး၊ အလွှာအသီးသီးတွင် မိမိ၏အသက်မွေးဝမ်းကျောင်း ဘဝရပ်တည်မှုအတွက် ပရော်ဖက်ရှင်နယ်ပီသစွာ
အလုပ်အကိုင်မပျက် ဆက်လက်လုပ်ကိုင်နေကြသူများကိုလည်း အရောင်ကာလာတံဆိပ်ကပ်၍ ခွဲခြားဆက်ဆံလာကြသည်။
အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာကို အသုံးချ၍ စွပ်စွဲ တိုက်ခိုက်ခဲ့ကြပြန်သည်။
ထိုမှတစ်ဆင့်တက်ကာ
ဘဝအတွေ့အကြုံ နုနယ်သေးသူလူငယ်များကို အစွန်းရောက် အကြမ်း ဖက်သမားများအဖြစ်အသုံးချ၍
သဘောထားအမြင် မတူသူများ၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ပရော်ဖက်ရှင်နယ်ပီသစွာ
နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသူ နိုင်ငံ့ဝန်ထမ်းများကို ငါနှင့်မတူ ငါ့ရန်သူ အဖြစ်သတ်မှတ်၍
လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေလာကြသည်။
သဘာဝလောကကြီးအတွင်း
နေထိုင်နေကြသော လောကလူသားများအဖို့ မိမိကျင်လည် ရပ်တည်ရာသဘာဝနှင့်အညီ လိုက်လျောညီထွေရှိရန်
သဘာဝကျကျတွေးမြင် လုပ်ကိုင်ဆောင်ရွက် တတ်ဖို့လိုပါသည်။ အရာရာကို နိုင်ငံရေးသဘောထားအမြင်တစ်ခုတည်းဖြင့်
ရှုမြင်၍မရပါ။ သူ့နယ်ပယ်နှင့်သူ၊ သူကဏ္ဍနှင့်သူခွဲခြားရှုမြင်ကြရပါမည်။ ထွေးရောယှက်တင်ပေါင်းစပ်၍မရသော
အရာများ၊ နယ်ပယ်များစွာရှိပါသည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဘာသာရေးနယ်ပယ်ဖြစ်ပေသည်။
မြတ်ဗုဒ္ဓ၏ ပဋ္ဌာန်းမြတ်ဒေသနာတော်တွင်လည်း
ကုသိုလ်ဖြစ်သည့် နာမ်ခန္ဓာလေးပါးသည် အပြန်အလှန်ကုသိုလ်ဖြစ်သည့် နာမ်ခန္ဓာကိုပင် သမ္ပယုတ္တသတ္တိနှင့်
ကျေးဇူးပြုသည်။ ထို့အတူ အကုသိုလ်နာမ်ခန္ဓာလေးပါးသည် အကုသိုလ်နာမ်ခန္ဓာလေးပါးကိုသာ ကျေးဇူးပြုနိုင်သည်။
ကုသိုလ်တရားက ကုသိုလ်တရားကို၊ အကုသိုလ်ဆိုလျှင် အကုသိုလ်ချင်းသာ ပေါင်းစပ်၍ရနိုင်သည်။
ကုသိုလ်နှင့်
အကုသိုလ်သည် အခြေခံချင်း၊ သဘာဝချင်းမတူညီသဖြင့် ရေနှင့်မီးပေါင်း၍ မရ သလို မတူတာချင်းရော၍
မရပေ၊ ပေါင်းစပ်၍မရနိုင်ပေ။ သဘာဝတရားချင်းတူမှ တစ်ခုတည်းဟု ထင်ရ အောင် ပေါင်းစပ်၍ရပါသည်။
သဘာဝတရားချင်းမတူလျှင် ပေါင်းစပ်၍မရနိုင်ပေ။ ထို့အတူ ကုသိုလ်ဟုလည်း ခေါ်၍မရ၊ အကုသိုလ်ဟူ၍လည်းခေါ်၍မရသည့်
ဝိပါက်၊ ကြိယာ အဗျာကတဖြစ်သည့် နာမ်ခန္ဓာလေးပါးသည်လည်း အဗျာကတဖြစ်သည့် နာမ်ခန္ဓာလေးပါးကိုသာ
သမ္ပယုတ္တသတ္တိနှင့် ကျေးဇူးပြုနိုင်သည်ဟု ဆိုပါသည်။
သို့ဖြစ်၍ လောကီနယ်ပယ်တွင်လည်း
ပေါင်းစပ်၍ မရနိုင်သည်များကို သူ့နယ်ပယ်နှင့်သူ၊ အကန့်လိုက်၊ အပိုင်းလိုက် ကန့်သတ်ခွဲခြားရှုမြင်ကြရပါမည်။
အရာရာကို နိုင်ငံရေးအမြင်ဖြင့်၊ နိုင်ငံရေးပေတံဖြင့် ရှုမြင်တိုင်းတာ၍ မရစကောင်းပေ။
နိုင်ငံရေးအသွေးအရောင် မည်မျှကွဲပြားခြားနားစေကာမူ မိမိဘဝရပ်တည်မှုအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
လုပ်ကိုင်ဆောင်ရွက်ရာ၌ မိမိလုပ်ငန်းခွင်အတွင်း ပရိုပီသစွာရပ်တည် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment