တရားမဝင်ကုန်သွယ်မှုများကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားသွားခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာ ကာလအတွင်း အမှုတွဲ ၁၄၆၅၉ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀ ဒသမ ၀၂၈ ဘီလီယံ ဖမ်းဆီးရမိခဲ့ရာ နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်ပါက ယင်းပမာဏမှာ အနည်းငယ်မျှသာ ဖြစ်နေသည်။
တရားမဝင်ကုန်သွယ်မှုသည်
ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး နိုင်ငံအသီးသီးတို့အတွက် အန္တရာယ်တစ်ခုဖြစ်သော်လည်း
မည်သည့်နိုင်ငံတွင်မျှ အမြစ်ပြတ်အောင် မရှင်းလင်းနိုင်သေးသည့် ပြဿနာတစ်ခုဖြစ်သည်။ မိမိတို့နိုင်ငံ၏
စီးပွားရေးအခြေခံမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မြှင့်တင်ပြီး အခြားစီးပွားရေးကဏ္ဍများ
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (MSME) များကို အားပေးရန်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ် လာမည့် အကျိုးဆက်များမှာ ဆိုးကျိုးများသာဖြစ်ပြီး
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်ရော၊ ပြည်သူများ၏ လူမှုစီးပွားရေးကဏ္ဍအပေါ်တွင်ပါ
သက်ရောက်မှုကြီးမားကျယ်ပြန့်သည်။ အခြားနိုင်ငံများမှ တရားမဝင်တင်သွင်းလာသည့် စိုက်ပျိုးရေး၊
မွေးမြူရေးထွက်ကုန်များနှင့် ဈေးပေါပေါဖြင့် တင်သွင်းလာသည့် ကုန်စည်အမျိုးမျိုးတို့ကြောင့်
ပြည်တွင်းစိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှုနှင့် MSME လုပ်ငန်းများကို နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။
တစ်နည်းအားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို များစွာအဟန့်အတား၊ အနှောင့်အယှက်ဖြစ်ပေါ်စေမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၏
အမှာစကားပြောကြားချက်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံဖြတ်ကျော်မဟာမိတ်အဖွဲ့၏
အစီရင်ခံစာပါ “လွတ်လပ်သည့် ကုန်သွယ်မှုဇုန် - Free Trade Zones (FDZs) များအနေဖြင့်
တရားဝင် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်အတွက်
အထူးဒေသများအဖြစ် လွတ်လပ်စွာကုန်သွယ်မှုပြုထားသော်လည်း ပြန်လည်သုံးသပ်မှုများအရ တရားမဝင်ကုန်သွယ်မှုအတွက်
အထူးစိုးရိမ်စရာနေရာများဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ မိမိတို့၏ သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း
တရားဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိမှုအပေါ် ကျော်လွန်၍ တရားမဝင်ကုန်သွယ်မှုပြုလုပ်ခြင်းအပါအဝင်
နိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိမှုအပေါ် အချို့သော FDI များက ကုန်ထုတ်လုပ်မှုအား
ဟန်ပြသာဆောင်ရွက်၍ ပြည်ပမှပင် ကုန်ပစ္စည်း များကို ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်နေခြင်းများကိုလည်း
သတိပြုတိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ ကျန်ဆောင်ရွက်ဆဲ အထူးစီးပွားရေးဇုန်များမှတစ်ဆင့်
ပြည်တွင်းစက်မှုဇုန်များ၌လည်း အထက်ပါ ကိစ္စရပ်များမဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း”
ထည့်သွင်းမှာကြားခဲ့ခြင်းမှာလည်း အထူးသတိပြုဖွယ်ပင်ဖြစ်သည်။
အထူးစီးပွားရေးဇုန်များ
တည်ထောင်ရာတွင် အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်များကို
အထောက်အကူပြုရန်၊ ပြည်သူများ အလုပ်အကိုင်ရရှိရန်၊ လူနေမှုအဆင့်အတန်း မြင့်မားစေရန်၊
ပြည်ပပို့ကုန်တိုးတက်စေရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးတက် ရရှိစေရန်၊ နိုင်ငံအတွင်း
စက်မှု၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိနိုင်ငံနှင့်
အခြားနိုင်ငံများအကြား စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊
ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နိုင်ငံသားများ
အသက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်မည့် အခွင့် အလမ်းများရရှိစေရန်၊ ရင်းနှီးတည်ဆောက်သူနှင့်
ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံကောင်းများ တည်ဆောက်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ
ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊ ဆွဲဆောင်ခြင်းပြုရန်၊ အထူးစီးပွားရေးဇုန်တွင်
ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်သစ်များ
ဖန်တီးပေးပြီး အထူးစီးပွားရေးဇုန်အတွင်းနှင့် ပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများအကြား
ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်ဟူသော ရည်ရွယ်ချက်များ ကျယ်ကျယ်ပြန့်ပြန့်
ထားရှိခြင်းဖြစ်သည်။
အထူးစီးပွားရေးဇုန်များတွင်
ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများသည်
တရားဝင်ကုန်ပစ္စည်းတင်သွင်းခွင့်၊ နိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူးခွင့်တို့ကို ခွင့်ပြုထားသည့်အတိုင်းသာ
ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုကို ဟန်ပြသာဆောင်ရွက်ပြီး ပြည်ပမှ ကုန်ချောပစ္စည်းများ
ဈေးပေါပေါဖြင့် တင်သွင်း၍ ခွင့်ပြုချက်ကျော်လွန်လုပ်ကိုင်မှုများကို သတိပြုတိုက်ဖျက်ခြင်းဖြင့်
လွတ်လပ်သည့် ကုန်သွယ်မှုဇုန်အခွင့်အရေးများ အလွဲသုံးစားပြုကာ တရားမဝင်ကုန်သွယ်မှုများ
ပြုလုပ်ခြင်းကိုလည်း ဖော်ထုတ်အရေးယူဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment