“စာမတတ်လျှင် အကန်း”ဟူသော မြန်မာ့ဆိုရိုးစကားသည် ပညာ၏တန်ဖိုး ကြီးမားပုံကို ထိရောက်စွာဆိုထားခြင်းဖြစ်သည်။ စာမတတ်သူသည် အသိပညာဗဟုသုတတို့ကို မလေ့လာ၊ မဆည်းပူးနိုင်သဖြင့် အမှောင်အတိကျသကဲ့သို့ အကန်းနှင့်တူနေပုံကို တင်စားထားခြင်းဖြစ်သည်။ စာတတ်မှသာ အသိပညာဗဟုသုတများကို ဆည်းပူးလေ့လာပြီး မိမိကောင်းကျိုး၊ လောကကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။
အချို့စာတတ်သော်လည်း၊
ပညာတတ်သော်လည်း အသိပညာဗဟုသုတများကို ဆည်းပူးလေ့လာခြင်းမရှိသဖြင့် အမှား၊ အမှန်၊ အကောင်း၊
အဆိုး ခွဲခြားဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း အားနည်းနေသူများလည်းရှိသည်။ ထို့ကြောင့်
စာလည်းတတ်၊ ပညာလည်းတတ်၊
အသိပညာဗဟုသုတများလည်း ဆည်းပူးလေ့လာဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စာမတတ်သူပပျောက်ရေးကို
ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်လာခဲ့သဖြင့် စာတတ်မြောက်မှု ၉၅ ဒသမ ၈ ရာခိုင်နှုန်းအထိ
အောင်မြင်မှုရခဲ့သည်။ သို့သော် စာမတတ်သူများ ရှိနေသေးသည်။ စာမဖတ်သူများလည်း ရှိနေသည်။
ထို့ကြောင့် စာတတ်မြောက်ရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို အောင်မြင်စွာထိန်းချုပ်နိုင်သည့် ကာလနောက်ပိုင်းတွင် ၂၀၁၉
ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွေ့ရှိချက်အရ စာမတတ်သူ အသက် ၁၅ နှစ်နှင့်အထက် လူငယ်များနှင့်
သက်ကြီးပိုင်းအရွယ်များကို ဦးတည်အုပ်စုအဖြစ်သတ်မှတ်ပြီး စာတတ်မြောက်အောင် သင်ကြားပေးခဲ့သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/
ပြည်နယ်များနှင့်ပူးပေါင်းကာ သင်ကြားပေးခဲ့ပြီး အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ
၎င်း၏နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက် ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနက ၂၀၂၃
ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ကနဦးအစီအစဉ်အဖြစ်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလော၊ ဟိုပုံး မြို့နယ် သုံးခုတွင် ဆောင်ရွက်ခဲ့ပြီး
ယခုအခါ နေပြည်တော်ကောင်စီနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကာ စဉ်ဆက်ပညာရေးကို
ဆောင်ရွက်သွားမည်ဟု သိရသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်
(အရှေ့ပိုင်း) မြို့နယ်လေးမြို့နယ်တွင် ယခုအောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်အတွင်း ဦးတည်အုပ်စုနှင့်ကိုက်ညီသည့်
စာသင်သားများကို ကနဦးစာရင်းကောက်ယူ ရရှိထားပြီး စာသင်ဝိုင်း ၄၆ ဝိုင်းဖြင့် စုဖွဲ့ဆောင်ရွက်သွားမည်ဟု
သိရသည်။
အဆိုပါစာသင်ဝိုင်းများတွင်
စေတနာလုပ်အားပေးနည်းပြနှင့် ကြီးကြပ်သူပေါင်း ၁၀၇ ဦးတို့က တစ်ရက် ပျမ်းမျှသုံးနာရီနှုန်းဖြင့်
ပျမ်းမျှနာရီပေါင်း ၂၇၀၊ ရက်အားဖြင့် ၉၀ (သုံးလနီးပါးကြာ) စာသင်သားပြည်သူများကို သင်ကြားပို့ချပေးသွားမည်ဟု
သိရသည်။ အဆိုပါအစီအစဉ်သည် ရှေ့ပြေးအစီအစဉ်မျှသာဖြစ်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းကောက်ယူပြီးသည့်အခါ နိုင်ငံတစ်ဝန်းမှ ပေါ်ထွက်လာသော စာမတတ်သူများကို
စာတတ်မြောက်ရေးစာသင်ဝိုင်းများဖြင့် ဆက်လက်သင်ကြားပေးသွားပြီးနောက် စဉ်ဆက်ပညာရေးကို
ဆက်လက်အကောင်အထည်ဖော်သွားနိုင်မည်ဖြစ်သည်။
ကျေးလက်ဒေသနေပြည်သူများနှင့်
အစွန်အဖျားဒေသနေ တိုင်းရင်းသားပြည်သူများအတွက် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် မသင်ကြားခဲ့ရသူများကို
ကျောင်းပြင်ပ ပညာရေးကဏ္ဍများဖြစ်သည့် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးတို့ဖြင့်
သင်ကြားပေးခဲ့ရာ စာသင်သားစုစုပေါင်း ၇၈၈၂၄ ဦးကို စာတတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့သည်။
စဉ်ဆက်ပညာရေးသင်ကြားခြင်းအစီအစဉ်များကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး
မြေပြင်တွင် စာသင်ဝိုင်းများဖြင့် စဉ်ဆက်ပညာရေးကို စတင်သင်ကြားသည့်အခါ သက်ဆိုင်ရာနယ်မြေအလိုက်
တာဝန်ရှိသူများက ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
စာမတတ်ခြင်း၊
စာမဖတ်ခြင်းသည် မြို့ပြနေပြည်သူများထက် ကျေးလက်နေပြည်သူများတွင် အဖြစ်များသည်ကိုတွေ့ရသည်။
စာမတတ်ခြင်း၊ စာမဖတ်ခြင်းကြောင့် နောက်ဆက်တွဲအကျိုးရလဒ်များကို လေ့လာမြင်တွေ့နိုင်ပေသည်။
ကျေးလက်နေပြည်သူများ အသိဉာဏ်ပညာမြင့်မားခြင်းသည် တိုင်းပြည်အတွက် အရေးကြီးသောအချက်ဖြစ်သည်။
ကျေးလက်နေပြည်သူများ အသိဉာဏ်ပညာ မြင့်မားလာခြင်းသည် တိုင်းပြည်အတွက် အားထားစရာဖြစ်သည်။
ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး ကျေးလက်နေပြည်သူများ
စာဖတ်ကြ၍ စိုက်ပျိုးမွေးမြူရေးပညာများ နားလည်လာနိုင်သည်။ ကိုယ့်ရပ်ရွာဒေသများ ဖွံ့ဖြိုးတိုးတက်အောင်
ကြိုးပမ်းဆောင်ရွက် ကာကွယ်စောင့်ရှောက်နိုင်သည်။
သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ
စာတတ်မြောက်အောင်၊ စာဖတ်လာအောင်၊ အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာအောင် စဉ်ဆက်ပညာရေးလုပ်ငန်းစဉ်များ
နိုင်ငံတစ်ဝန်း လွှမ်းခြုံဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းပူးပေါင်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန်
တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment