Wednesday, October 2, 2024

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ညောင်ပင်သာတံတား ထိခိုက်ပျက်စီးမှုကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ညောင်ပင်သာ ကျေးရွာသို့ ရောက်ရှိပြီးပုဂ္ဂလိကပိုင် တွင်းတိမ်များ တွင်းဆေးတွင်း မှုတ်ပြုလုပ်ပြီး သန့်ရှင်းသော သောက်သုံးရေ ပြန်လည်ရရှိအသုံးပြုနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကျေးရွာတွင် ပုဂ္ဂလိကတွင်းတိမ် ၁၃၀ ကို တွင်းဆေး တွင်းမှုတ် ဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် ရေတိုက်စား၍ ပျက်စီးသွားသော ညောင်ပင်သာ ရွာတွင်းလမ်းပေ ၁၀၀၀ ပြန်လည် ပြုပြင်ပေးနိုင်ရေးအတွက် လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ကူညီပံ့ပိုးပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ညောင်ပင်သာရွာနှင့် အလယ်ရွာကို ဆက်သွယ်ထားသော ပေ ၁၄၀ တံတားအား သွားရောက်ကြည့်ရှုပြီး ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းနှင့် ကမ်းကပ်ခုံအကြား ပျက်စီးသွား သောနေရာ ပြုပြင်ပေးရေး၊ တံတားအောက်ခြေတွင် ရေစီး ရေလာ ကောင်းမွန်ရေးအတွက် သဲနုန်းများနှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး သည် အလယ်ရွာသို့ရောက်ရှိပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီး သွားသော လေးလက်မတွင်းနက်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းဆေး တွင်းမှုတ် ပြန်လည်ဆောင်ရွက်ပေးထားမှု၊ အိမ်သွယ်ရေတိုင်စနစ် ရေဖြန့်ဝေပေးနေမှုနှင့် ရွာတွင်း လမ်းများ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကာ ရွာအလယ်လမ်း ပြန်လည်ပြုပြင်ပေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment