Wednesday, October 2, 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း သန်းခေါင်စာရင်း စတင်ကောက်ယူ

 

နေပြည်တော် အောက်တိုဘာ ၁

အောက်တိုဘာ ၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်အတွင်းရှိ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူကြသည်။

ထို့ပြင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် ၂၂ ကွက်ဖြစ်သည့် ဝဏ္ဏသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ သုခသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ ဓနသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ ဗလသိဒ္ဓိရပ်ကွက် တစ်နေရာ၊ မင်္ဂလာသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ ဘောဂသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ ဉာဏသိဒ္ဓိရပ်ကွက် တစ်နေရာ၊ ပညာသိဒ္ဓိရပ်ကွက် နှစ်နေရာ၊ ရွှေကြာပင်ရပ်ကွက်နှစ်နေရာ၊ သပြေကုန်းရပ်ကွက် တစ်နေရာ၊ အောင်ဇမ္ဗူ ရပ်ကွက်နှစ်နေရာနှင့် တဲကြီးကုန်းကျေးရွာအုပ်စု တစ်နေရာစသည့် သတ်မှတ်နေရာများ အတွင်းရှိ ဌာနဆိုင်ရာ အကြီး အကဲများ၏ မိသားစုဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များ၊ ရပ်ကွက်နေပြည်သူများ၏ မိသားစုဝင်များကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်သန်းခေါင်စာရင်း ကော်မတီ၊ ရပ်ကွက်သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူ ပြုအဖွဲ့များနှင့် ပူးပေါင်း၍ သတ်မှတ်နေရာများသို့ သွားရောက်ပြီး အိမ်ထောင်စုမေးခွန်း ပုံစံမေးခွန်း (၆၈) ခုကို Mobile Tablet များ အသုံးပြုကာ မေးမြန်းစာရင်းကောက်ယူပြီး ရရှိလာသည့် အချက်အလက်များကို CAPI စနစ်ကို အသုံးပြု၍ နေပြည်တော် ရုံးချုပ် Server သို့ ပေးပို့ခြင်းများ ဆောင်ရွက်ကြသည်။

ပူးပေါင်းဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေအတွင်း  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရန် ကောက်ကွက် ၂၇၁ ကွက်ကို စာရင်း စစ်၂၃ ဦး၊ စာရင်းကောက် ၈၈ ဦး ဖြင့် သတ်မှတ်နေရာများအလိုက် ကောက်ယူသွားမည်ဖြစ်ရာ တိုင်းရင်းသားပြည်သူများက မိမိတို့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်လိုအပ်သည်။

၁၀ နှစ်လျှင်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင်တစ်ကြိမ် မဖြစ်မနေ ဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်

No comments:

Post a Comment