Thursday, October 3, 2024

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို တိုင်းဒေသကြီးအတွင်း ရေဘေးသင့်သူများ ထံသို့ထောက်ပံ့ပေးအပ်


ချမ်းအေးသာစံ စက်တင်ဘာ ၃

ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်များသို့သွားရောက်ပြီး ရေဘေးသင့်သူများ နှင့် တွေ့ဆုံအားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။




ထိုသို့ ထောက်ပံ့ပေးအပ်ရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်မှု အဖွဲ့တို့၏ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက် ကြီးကြပ်မှုအဖွဲ့တို့မှဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုအခမ်းအနားများကို တံတားဦးခရိုင်တွင် တံတားဦးမြို့နယ်ခန်းမ၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ် စုဝေးခန်းမ၌လည်းကောင်း၊ မြစ်သား မြို့နယ်ရှိ ကူမဲမြို့ ရွှေဘုံသာဗိမ္မာန်တွင်လည်းကောင်း၊ မိတ္ထီလာခရိုင်တွင်သာစည်မြို့နယ်စည်ပင်သာယာ ခန်းမ၌လည်းကောင်း၊ ရမည်းသင်ခရိုင်တွင် သီလဝါခန်းမ၌လည်းကောင်း ကျင်းပခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှု အခမ်းအနားများ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသင့်သူများနှင့် တွေ့ဆုံအားပေးစကားများပြောကြားရာတွင် နိုင်ငံတော်က ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများအား ထောက်ပံ့ပေးအပ်သည့် ဆန်အိတ်များ၊ စည်သွတ်ဘူးများနှင့်ခေါက်ဆွဲခြောက်များ၊တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို ရေဘေးသင့်သူများထံလာရောက်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်နေပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများသည် တားဆီး၍မရသော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း များစွာလိုအပ်ပါကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်သွားကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများရေနစ်မြှုပ်ကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ သီးနှံများအချိန်မီပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်နိုင်ရေးအလေးထားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့သည်။

ယင်း အခမ်းအနားများ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်မှုအဖွဲ့တို့၏ နာယကနှင့်အဖွဲ့ဝင်များက အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ် သည့် စည်သွတ်ဘူးနှင့် ခေါက်ဆွဲခြောက်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ရေဘေးသင့်၍ သေဆုံးသွားသူများအား ထောက်ပံ့ငွေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္ထူများနှင့်ပုံစံ (၆၆/၆)မိတ္ထူများ၊ မျိုးစေ့များ၊ သဘာဝမြေဩဇာများ၊ စိုက်ပျိုးရေးသုံးဆေးဖျန်းပုံး များ၊သဘာဝရွက်ဖျန်းဓာတ်မြေဩဇာများ၊ ငါးသားပေါက်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် စားသောက် ကုန် ပစ္စည်းများ၊ ရေသန့်ဘူးများ၊ အဝတ်အထည်များအား ရေဘေးသင့်သူများနှင့် တာဝန်ရှိသူများထံပေးအပ်ပြီး ရေဘေးသင့်သူများကို လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။

ယနေ့ထောက်ပံ့ပေးအပ်သည့် အခမ်းအနားများ၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိရေဘေးသင့်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုအနေဖြင့် တံတားဦးခရိုင် တံတားဦးမြို့နယ်မှ အိမ်ထောင်စု ၉၁၀ စု၊ လူဦးရေ ၃၃၆၈ ဉီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ အိမ်ထောင်စု ၃၂၆၈၇ စု၊ လူဦးရေ ၁၃၀၅၇၅ ဦး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်တို့မှ အိမ်ထောင်စု ၁၀၆၆၁ စု၊ လူဦးရေ ၄၈၅၆၇ ဦး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ အိမ်ထောင်စု ၁၀၄၃ စု၊ လူဦးရေ ၄၂၀၇ ဦး စုစုပေါင်း အိမ်ထောင်စု ၄၅၃၀၁ စု၊ လူဦးရေ ၁၈၆၇၁၇ ဦးအတွက် စုစုပေါင်း ဆန် ၆၃၁၇ အိတ်၊ စည်သွတ် ဘူး ၉၆၂၅၄ ဘူး၊ ခေါက်ဆွဲ ခြောက်ထုပ် ၁၉၈၅၂၇၀ ထုပ်၊  အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၄၀ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၁ သိန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် သိန်း ၁၅၄၀၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ စားသောက်ကုန်များ၊ အဝတ်အထည်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်

No comments:

Post a Comment