Tuesday, October 1, 2024

ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာလ ၁ ရက်

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင်ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်း စာရင်းဇယားများအရ ပြည်သူ ၄၃၆ ဦးသေဆုံးခဲ့ပြီး ၆၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ တိရိစ္ဆာန်မျိုးစုံ ၁၈၁၄၉၁ သေဆုံး၍ စိုက်ဧက ပျက်စီးဆုံးရှုံးမှုအနေဖြင့် စပါးစိုက်ဧက ၇၉၃၆၁၉ ဧကနှင့် အခြားသီးနှံစိုက်ဧက ၇၃၄၂၄ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ရုံး/ဌာနအဆောက်အဦများနှင့် လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment