မကွေး အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ် ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျိုးဆက်သစ်လူငယ် မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့အချိန် ကာလမှာ
ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး ၎င်းရဲ့အကျိုးဆက်အနေဖြင့်
သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝှမ်းလုံး ကြုံတွေ့ခံစားနေကြရတာဖြစ်ပါကြောင်း၊
ဒီလို ရာသီဥတုဖြစ်စဉ် ဖောက်ပြန်မှုတွေကြောင့် မိုးရွာသွန်းမှုပုံစံတွေ
ပြောင်းလဲလာတာကိုလည်း သိသာထင်ရှားစွာ တွေ့မြင်ကြရမှာဖြစ်ပြီး ဆက်စပ်မှုအနေဖြင့်
မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ရေဘေးအန္တရာယ်ကို
ပိုမိုကြုံတွေ့ခံစားနေကြရတာဖြစ်ပါကြောင်း၊ ရေဘေးရဲ့အဖျက် စွမ်းအားဟာအင်မတန်ကြီးမားပြီး၊
မိုးများမှုကြောင့် ဖြစ်ပေါ်လာတဲ့ လျှပ်တစ်ပြက်ရေဘေးနဲ့ ၎င်းရဲ့ဆက်စပ်ဘေးဖြစ်တဲ့
မြေပြိုဘေး အန္တရာယ်ကိုလည်း ခံစားရတာဖြစ်လို့ အချိန်တိုအတွင်း လူ့အသက်၊ အိုးအိမ်
စည်းစိမ်နဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါကြောင်း၊
သဘာဝဘေးအန္တရာယ်များမှာ ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ သဘာဝ ပတ်ဝန်းကျင်
ပျက်စီးခြင်းနဲ့ လူတို့ရဲ့ပယောဂများကြောင့် ဖြစ်ပေါ်တာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး
ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)ကို ဦးစားပေးလုပ်ငန်းစဉ်
(၄)ရပ်၊ ပန်းတိုင်(၇)ခုဖြင့် အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း
၎င်းလုပ်ငန်းစဉ်များကို ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၈၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ
သဘာဝဘေး လျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက
သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး
မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့မှ စတင်၍
အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါကြောင်း၊
ဒီလိုကျင်းပရာမှာ နှစ်စဉ်ဆောင်ပုဒ်များ သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင်လည်း အနာဂတ်မှာ
ရင်ဆိုင်ကြုံတွေ့လာမဲ့ သဘာဝဘေးအန္တရာယ်များကို မျိုးဆက်သစ်လူငယ်များရဲ့ ပူးပေါင်း
ပါဝင်မှုအင်အား ကိုရယူပြီး ကာကွယ်နိုင်ရန်၊ လူငယ်များရဲ့စွမ်းဆောင်ရည်များကို
မြှင့်တင်ပေးခြင်းဖြင့် ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်
ရည်ရွယ်၍ Empowering the next generation for a
resilient future “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့
စွမ်းအားမြှင့်တင်စို့”လို့ သတ်မှတ်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်
ထိခိုက်ဆုံးရှုံးမှုတွေ ကို လျော့နည်းစေရေးအတွက် စွမ်းရည်ပြည့်ဝတဲ့
မျိုးဆက်သစ်လူငယ်များရဲ့ ပူးပေါင်း ဆောင်ရွက်မှု အင်အားကိုရယူပြီး သဘာဝဘေးဒဏ်ကို
ကြံ့ကြံ့ခံနိုင်တဲ့ လူ့အသိုင်း အဝိုင်းတစ်ရပ် ဖြစ်စေရေးအတွက် မိမိတို့ကျရာ
ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ သည်။
ဆက်လက်၍
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video
Message) ဗီဒီယို၊ သဘာဝဘေးလျော့ပါးရေးလှုပ်ရှားမှု မှတ်တမ်းတင်
ဗီဒီယိုနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး တေးသရုပ်ဖော် ဗီဒီယို ပြသခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ
လျှော့ချရေးနေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ၊ အထိမ်းအမှတ်
အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment