နေပြည်တော် အောက်တိုဘာ ၁၄
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦး တို့က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊
အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊
အက၊ အရေး၊ အတီး ပြိုင်ပွဲဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက်
အခမ်းအနားဒုတိယပိုင်းကို စတင်ကျင်းပရာ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာ
ရိုးရာသံစုံတေးဂီတအဖွဲ့၏ စုပေါင်းတီးခတ်ဖျော်ဖြေမှုဖြင့် တင်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ၊
မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၏
ဂုဏ်သိက္ခာမြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း
နှုတ်ခွန်းဆက်သလိုက်ပါကြောင်း။
မိမိတို့
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြည်ထောင်စုတိုင်းရင်းသားသွေးချင်းများသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့်
သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ထို့ပြင်
ထုထည်ပမာဏ ကြီးမားခိုင်ခန့်သည့် မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်ကြီးများကို စိုက်ထူနိုင်ခဲ့သည့်အပြင်
ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ
ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း။
ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရ ရှင်သန်ပွင့်လန်းနေစေရန်အတွက် တစ်မျိုးသားလုံး ကြိုးပမ်းဆောင်ရွက်နေကြသည့် အမျိုးသားအဆင့် ပွဲတော်များစွာရှိကြောင်း၊ ထိုအထဲမှ ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပနိုင်ခြင်းသည်လည်း မြန်မာလူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်နှင့် ဇာတိမာန်နှင့် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ပြည်ထောင်စုသားအားလုံး
ပူးပေါင်းပါဝင်ပြီး အောင်အောင်မြင်မြင်ဖြင့် ကျင်းပလာခဲ့သည်မှာ ယခုအခါ ငွေရတုမှတ်တိုင်ကို
စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း။ အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရေးအတွက်
အမျိုးသားရေးကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊
အရေး၊ အတီးပြိုင်ပွဲကြီးများသည် အရေးပါသည့် အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိသည်ကို
ပြောကြားလိုကြောင်း။
၁၉၉၃
ခုနှစ်မှစတင်ပြီး ယနေ့တိုင်ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကြီးများ၏ ကျေးဇူးကြောင့်
ယင်းအချိန်က ဝါသနာရှင်မျိုးဆက်သစ်လူငယ်များသည် ယခုငွေရတုပြိုင်ပွဲကာလတွင် ပညာရှင်အဆင့်
အနုပညာရှင်ကြီးများအဖြစ် မြင်တွေ့နေကြရပြီဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ
ဝါသနာရှင်သွေးချင်းမောင်နှမများကို အနုပညာအမွေ လက်ဆင့်ကမ်း ပေးဝေနေကြပြီဖြစ်သဖြင့်
အမျိုးသားရေးအတွက် အားရကျေနပ်ဖွယ်ရာဖြစ်သည်ကို ပြောကြားလိုကြောင်း။
မိမိတို့
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် မျိုးနွယ်စုကြီးများ
အတူတကွ ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှုဟူ၍ ဘုံသဘောဆောင်သည့်
အမျိုးသားရေးစရိုက်လက္ခဏာကို လက်ခံကျင့်သုံးသည့် ပြည်ထောင်စုအဖြစ် စည်းလုံးညီညွတ်စွာ
နေထိုင်လျက်ရှိကြကြောင်း၊ ထို့ကြောင့်လည်း မြန်မာတိုင်းရင်းသားများ၏ သုခုမအနုပညာကို လေ့လာကြည့်မည်ဆိုပါက
တူရိယာပစ္စည်းများ မည်သို့ပင်ကွဲပြားခြားနားစေကာမူ “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်”ဆိုသည့်
မြန်မာတို့၏တူရိယာငါးပါးအခြေခံတွင် တစ်စုတစ်စည်းတည်း တူညီစွာ ပါဝင်လျက်ရှိနေသည်ကို
တွေ့ကြရမည်ဖြစ်ကြောင်း။
အလားတူ
တိုင်းရင်းသားအကများနှင့်ပတ်သက်ပြီး ကွဲပြားခြားနားသကဲ့သို့ရှိသော်လည်း “စည်းနှင့်ဝါး”
ကိုအခြေခံသည့် “ခေါင်း၊ ခါး၊ ခြေ၊ လက်” အစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှုပ်ရှားကပြကြခြင်းသာဖြစ်ခြင်းကြောင့်
မြန်မာနိုင်ငံသားအားလုံးတို့၏ အကများသည် တူညီသည့် အခြေခံအတွင်း၌ပင် ဆင့်ပွားတည်ရှိနေသည်ကို
တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့်
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် ပြည်နယ်အသီးသီး၏
ရိုးရာအကများကို နှစ်စဉ်မဲနှိုက်စေပြီး မဲကျရာတိုင်းရင်းသားရိုးရာအကကို တိုင်းဒေသကြီးနှင့်ပြည်နယ်များက
အနုပညာရှင်များအနေဖြင့် အတူတကွ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊
ထိုသို့ဖလှယ်ကြခြင်းအားဖြင့် တစ်ဦး၏ယဉ်ကျေးမှုကို တစ်ဦးက သိရှိနားလည်လာပြီး တိုင်းရင်းသားအချင်းချင်း
ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားစေရုံသာမက တိုင်းရင်းသားရိုးရာအနုပညာရပ်များ ဖော်ထုတ်ထိန်းသိမ်း
မြှင့်တင်နိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။
ထို့အပြင်
ယခုနှစ် ငွေရတုပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိယာများနှင့်
စုပေါင်းတီးခတ်ထားသည့် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြခြင်းအပြင် ထူးခြားသောဝိသေသဖြစ်သည့်
ပြည်နယ်များ၏ တိုင်းရင်းသားရိုးရာတေးဂီတများနှင့် ဂုဏ်ပြုဖျော်ဖြေနိုင်ခြင်းသည်လည်း
ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံး၏ ရိုးရာအနုပညာအမွေအနှစ်တန်ဖိုးများကို
ဖော်ထုတ်ပြသနိုင်ရုံသာမကဘဲ သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့် သက်သေပြု တင်ဆက်ပြသခြင်းပင်ဖြစ်ကြောင်း။
ခေတ်အဆက်ဆက်
ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ရပြီးနောက်
ကိုလိုနီနယ်ချဲ့တို့၏ ဖိနှိပ်ချိုးနှိမ်မှုများကို ခံခဲ့ရကြောင်း၊ သို့သော် မြန်မာအနုပညာရှင်များအနေဖြင့်
ကိုလိုနီနယ်ချဲ့များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့်
ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြသည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များသည်
မြန်မာ့ရိုးရာသွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက် ဆက်လက်ဖြစ်ထွန်းနေသည်ကို ဂုဏ်ယူဝင့်ကြွားဖွယ်
တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ရဟန်းစာဆိုများအပါအဝင်
လူပညာရှိ၊ ရဟန်းပညာရှိများသည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များဖြစ်သည့် (၅၅၀) နိပါတ်တော်နှင့်
ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ပုံပြင်လိုတစ်မျိုး၊ ပျို့ကဗျာလင်္ကာစာပေလိုတစ်နည်း၊ စာဟောကွက်စိပ်ဇာတ်သဘင်လိုတစ်ဖုံ၊
နည်းလမ်းမျိုးစုံဖြင့် ဖန်တီးဖွဲ့ဆိုပြီး အရွယ်သုံးပါးစလုံးအတွက် လိုက်ဖက်သည့် နည်းလမ်းရွေးချယ်ခံစားနိုင်စေရန်
စီမံထားရစ်ခဲ့ကြကြောင်း။
ယခုနှစ်ပြိုင်ပွဲ၏
မဟာဇနကဇာတ်တော်ကြီး ကပြတင်ဆက်မှုများတွင် “မဟာဇနက” ဇာတ်တော်ကြီးမှ ပေးလာသည့် သင်ခန်းစာဖြစ်သည့်
ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် မြင့်မားခိုင်ကြည်သည့်
စိတ်ဓာတ်တို့ဖြင့် မှန်ကန်စွာ အားထုတ်ကြိုးပမ်းမည်ဆိုပါက မည်သို့ပင် အခက်အခဲအဟန့်အတားများ
ကြုံတွေ့ရပါစေ၊ ကျော်လွှားအောင်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်ကို
ရောက်ရှိရစမြဲဖြစ်သည်ဆိုသည့် သင်ခန်းစာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်သွားနိုင်ကြလိမ့်မည်ဟု
ယုံကြည်ကြောင်း။
အလားတူ
ပညာရှင်အဆင့် ရုပ်သေးပြိုင်ပွဲ၌ ကပြယှဉ်ပြိုင်မည့် “ဝေဿန္တရာ” ဇာတ်တော်ကြီးတွင်လည်း
ပရမတ္ထပါရမီ၏ သဘောသဘာဝဖြစ်သည့် ပါရမီဖြည့်ဖက် ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့်
သီလကုသိုလ်အကျိုးနှင့် ဓမ္မနှင့်အဓမ္မ အားပြိုင်မှုတို့ကို ပေါ်လွင်အောင် ညွှန်းဖွဲ့တင်ဆက်နိုင်ကြလိမ့်မည်ဟုလည်း
မျှော်လင့်ကြောင်း။
အနုပညာရှင်များအားလုံးကို
မေတ္တာရပ်ခံမှာကြားလိုသည်မှာ နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့်
မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ
တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေရစေရေး အနုပညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်၊
မြန်မာလူမျိုးတို့၏သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း
ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့်
စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာအောင်
အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်
(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ
ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင်ဦးလွင်က ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားအပြီးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည်
အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည်
ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာရိုးရာ
သံစုံတေးဂီတအဖွဲ့မှ တိုင်းရင်းသားဂီတပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
(၂၅)ကြိမ်မြောက်
ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့်
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ
မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို
ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ
တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်(၄)ရပ်ဖြင့်ကျင်းပခြင်း ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment