Sunday, October 6, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အသားကဏ္ဍတိုးချဲ့မွေးမြူနိုင်ရေးနှင့် အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်



နေပြည်တော် အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အသားကဏ္ဍ တိုးချဲ့မွေးမြူနိုင်ရေးနှင့် အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် လယ်ဝေးမြို့နယ် ရသေ့တောင်ကျေးရွာရှိ မွေးမြူ ရေးတောင်သူ ဦးမျိုးသူရ၏ အသားတိုးကြက်နှင့် အသားတိုးဝက်မွေးမြူရေးခြံကို သွားရောက်ကြည့်ရှု ပြီး လုပ်ငန်းရှင်များ၊ မွေးမြူရေးကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တိရစ္ဆာန်ကူးစက်ရောဂါ များ ထိရောက်စွာကာကွယ်ပေးနိုင်ရေး၊ ရာသီဥတုပြောင်းလဲသက်ရောက်မှုဒဏ် ကြံ့ကြံ့ခံနိုင်ရေး၊ တိရစ္ဆာန်အစာဖြည့်ဆည်းပေးနိုင်မှုနှင့် တိရစ္ဆာန် အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုမှု များပါဝင်သည့် လှည့်ပတ်သုံးစွဲခြင်းနည်းစနစ် ပီပြင်စွာဖြစ်ပေါ်လာရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် လယ်ဝေးမြို့နယ် ဧလာရွာသစ်ရှိ ဦးဇော်မိုက်၏ အသားခြောက်စက်ရုံနှင့် ဒက္ခိဏသီရိ မြို့နယ် Dakhina Meat Exprot Company Limited Food Processing Plant (မွေးမြူရေးတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း) စက်ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် ခိုင်မာသောဈေးကွက်ဖော်ဆောင်ပေးနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်း၌ မွေးမြူရေးသုတေသနဦးစီးဌာန၏ ဆောင်ရွက်ပြီး သုတေသနလုပ်ငန်းများနှင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် သုတေသနဆိုင်ရာလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment