ငြိမ်းချမ်းအောင်
ဆွမ်းချိုင့်လေးကလည်း ဖရိုဖရဲ၊ အဖေဖြစ်သူနှင့် လေးနှစ်အရွယ် သမီးငယ်တို့မှာလည်း သွေးအိုင်ထဲပြိုလဲ၍ သေပွဲဝင်နေပုံမြင်ကွင်းက ဝမ်းနည်းကြေကွဲစရာပင်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ သားအဖနှစ်ဦး ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့စဉ် အကြမ်းဖက် PDF များက လေးနှစ်အရွယ် ကလေးပါမကျန် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
စက်တင်ဘာလ ၃၀
ရက်နေ့တွင်လည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာနှင့် စက်ဆန်းကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးများအတွင်း ရေဘေးအလှူအတွက်ဟုဆိုကာ ပေးပို့ထားသော ဆန်အိတ်များအတွင်းမှ
ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ရာ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
PDF များ၏ ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ပညာရေးဝန်ထမ်းဆရာ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း
၁၇ ဦး၊ ရဟန်းသံဃာ ၈၄ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏
သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ ထို့ပြင် ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်နှင့် စာသင်ကျောင်း၊
ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အအုံ
မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော်ရှိခဲ့ကြောင်း သိရ သည်။
ထို့အတူ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်လည်း
မြို့ရွာများ အတွင်း ရှော့တိုက်ဒုံးဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်သည့်
မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏
နေအိမ် အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊
အပြစ်မဲ့ ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေသူများကို
ပြန်လည် နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်
ရှိသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့်
တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့အချို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေးဟုအကြောင်းပြကာ
တဖွဖွကြွေးကြော်လျက်ရှိသော်လည်း စင်စစ်အား ဖြင့်မူ ၎င်းတို့၏ လမ်းစဉ်သည် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နှင့်
အကြမ်းဖက်လုပ်ရပ် များသာ ဖြစ်သည်။
အကြမ်းဖက်လုပ်ရပ်ကို
ဖိတ်ခေါ်ရာရောက်
ငြိမ်းချမ်းစွာနေထိုင်လိုကြသည့်
ပြည်သူလူထုနှင့် နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ခွဲခွဲခြားခြား ရှုမြင်သဘောပေါက်ခဲ့ကြသော
တာဝန်သိနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ အစည်းများအပါအဝင် ငြိမ်းချမ်းရေးနှင့်
လူမှုဘဝတည်ငြိမ်အေးချမ်းရေးကို လိုလားသူတိုင်းက အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လမ်းစဉ်နှင့်
အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြသည်။ သို့ရာတွင် နိုင်ငံကြီးအချို့နှင့်
ပြည်တွင်း ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းအချို့ကမူ တာဝန်မဲ့စွာ နှုတ်ဆိတ်လျက်ရှိသည်။
ထိုသို့နှုတ်ဆိတ်ငြိမ်သက်နေမှုများက အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လမ်းစဉ်နှင့်
အကြမ်းဖက်လုပ်ရပ်ကို သွယ်ဝိုက် အားပေးထောက်ခံသည့် သဘောသက်ဝင်နေသလို အနာဂတ်ကာလတွင်လည်း
အကြမ်းဖက်လမ်းစဉ် နှင့် အကြမ်းဖက်လုပ်ရပ်ကို ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟု ဆိုလိုရာရောက်နေပေသည်။
နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့်
လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊
ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာမှု များစွာဖြစ်ပေါ်ခဲ့ရသည့်အပြင်
နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်ခဲ့ရသည်။
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
စက်တင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် လက်နက်ကိုင် လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့်
နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကိုထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲ ဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်
လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်
ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။
နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်ခြင်းအပေါ်
နိုင်ငံရေး ၂၆ ပါတီနှင့် အဖွဲ့အစည်းအသီးသီးမှ သဘောထားအမြင်များ ထုတ်ပြန်၍ အပြည့်အဝ
ကြိုဆိုထောက်ခံခဲ့ကြပါသည်။ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် ငြိမ်းချမ်း ရေးကို လိုလားသူ
တိုင်းရင်းသားပြည်သူအပေါင်းကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံ၍ မျှော်လင့်လျက်ရှိကြသည်။
သို့ရာတွင် နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေသည့်
တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများနှင့်
အကြမ်းဖက် PDF အဖွဲ့အချို့တို့ကမူ နိုင်ငံတော်၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို တလွဲရှုမြင်သုံးသပ်ကာ
လတ်တလောတုံ့ပြန်ပြောဆိုရာတွင် အပြု သဘောဆောင်သည့် သဘောလက္ခဏာများကို မတွေ့ရှိခဲ့ရချေ။
ထုံးစံအတိုင်း နှစ်ပေါင်း ၇၀ ကျော် ကြာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) ဖျက်သိမ်းရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေးစသည်ဖြင့် လက်ညှိုးထိုးဝေဖန်ပြောဆိုနေဆဲပင်။
တစ်နည်းအားဖြင့် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ တရားသေကိုင်စွဲခဲ့သော စေ့စပ်ဆွေးနွေးရေးကို
မလိုလား၊ အပြုတ်တိုက်ရေးဝါဒလမ်းစဉ်သဘောမျိုး ဖြစ်နေသည်။
အမှန်စင်စစ် ၎င်းတို့၏
တုံ့ပြန်ပြောဆိုမှုများ သည် သမိုင်းနှင့်မလျော်ညီ၊ မအပ်စပ်၊ သမိုင်းနောက်ခံနှင့် သွေဖည်လျက်ရှိပြီး
ဆင်သေကို ဆိတ်သားရေနှင့်ဖုံးသလို လိုရာပုံဖော်ဖန်တီး ပြောဆိုမှုများသာဖြစ်သည်။
သမိုင်းနောက်ခံ
အချက်အလက်များအရဆိုရပါမူ ကရင်အမျိုးသားအစည်းအရုံး (KNU)သည် မြန်မာပြည်လွတ်လပ်ရေးရပြီးစ
ပါလီမန်ဒီမိုကရေစီအစိုးရခေတ်ကာလ ၁၉၄၈ ခုနှစ် ဇူလိုင်လမှစ၍ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော
KNDO တပ်များ တပ်စွဲထားရာ မြို့ရွာများ၌ ဆူပူသောင်းကျန်းမှုကိုစတင်လာခဲ့ကြခြင်းဖြစ်သည်။
သခင်နုခေါင်းဆောင်သော ဖဆပလအစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်
လိုက်လျောမှုများစွာဖြင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ပါသော်လည်း KNU အဖွဲ့သည်
၁၉၄၉ ခုနှစ် ဇန်နဝါရီလမှစ၍ အင်းစိန်မြို့ကို စီးနင်းသိမ်းပိုက်ကာ လက်နက်ကိုင်လမ်းစဉ်ကို
အတိအလင်း စတင် ဖော်ဆောင်ခဲ့ခြင်းသာဖြစ်ပေသည်။
သမိုင်း၏ ဆိုးမွေများကို
ဆက်ခံဖြေရှင်းနေရ
ထို့အတူ ၁၉၆၀
ပြည့်နှစ်တွင် ဦးနုခေါင်းဆောင်သော ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာဖြင့် ပြဋ္ဌာန်းလိုက်ခြင်းကို
အကြောင်းပြု၍ အချုပ်အခြာအာဏာပိုင်သည့် သီးခြားလွတ်လပ် သော ကချင်သမ္မတနိုင်ငံ ထူထောင်ရန်
ရည်ရွယ်ချက်ဖြင့် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွတ်ခိုင်နယ်မြေ၌ ကချင်လွတ်မြောက်ရေးတပ်မတော်
(KIA)ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေ သည်။ စင်စစ်အားဖြင့်မူ အတိတ်ကာလကတည်းက နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ သမိုင်း၏ဆိုးမွေများကို လက်ရှိနိုင်ငံ တော်အစိုးရအပါအဝင်
ခေတ်အဆက်ဆက် အစိုးရတိုင်းက ဆက်ခံဖြေရှင်းနေရခြင်းဖြစ်သည်။
ထို့အတူ ၎င်းတို့
ယခုမှ လက်ညှိုးထိုးဝေဖန်ပြီး ဖျက်သိမ်းရန်၊ အသစ်ပြန်လည်ရေးဆွဲရန် တောင်းဆို နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) အရပင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ
ပေါ်ပေါက်လာကာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှင့်အတူ
ဒီမိုကရေစီအစိုးရ နှစ်ဆက်တိုင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။
ပထမဒီမိုကရေစီအစိုးရသက်တမ်းကာလတွင်
သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
အတိုက်အခံ NLD ပါတီကိုလည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။
သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် အမေရိကန်အပါအဝင်
နိုင်ငံတကာအသိုင်း အဝိုင်းကလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခဲ့ကြသည်။
ထို့အတူ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်
၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုထုတ်ပြန်ချက်နှင့်အတူ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
၁၆ ဖွဲ့နှင့် ညှိုနှိုင်းရေးဆွဲခဲ့ပြီး အားလုံး၏ သဘောတူညီမှုဖြင့် ၂၀၁၅ ခုနှစ် ဩဂုတ်လ
၇ ရက်နေ့တွင် အချောသပ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့်
NCA သဘောတူစာချုပ်တွင် သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
NCA စာချုပ်ကို
အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကုလသမဂ္ဂအပါအဝင်
နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး
Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်၍
မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိ တည်ရှိနေသည့်စာချုပ်ဖြစ်သည်။
ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းကာလ
NLD အစိုးရခေတ်တွင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁ ရာစုပင်လုံ) အမည်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့် NCA သဘောတူစာချုပ်တွင် ထပ်မံ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ဆိုရလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အောက်မှပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပေသည်။
ဆက်လက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက်
တည်ဆဲဥပဒေအချို့ကို ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်သင့်သည်များကို
ပြင်ဆင်နိုင်ရန်လည်း တပ်မတော်က လမ်းဖွင့်ပေးထားသည်။
လက်ရှိကာလတွင်လည်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသလို
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို
အလေးထားဆောင်ရွက်လျက်ရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း
တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ရယူ ထမ်းဆောင်ခဲ့သည့်အချိန်မှစ၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ကာ
NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ခုနစ်ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့သုံးဖွဲ့
စုစုပေါင်း ၁၀ ဖွဲ့ တို့မှ ခေါင်းဆောင်များနှင့် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း
သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင်
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊
ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် လည်း NCA လက်မှတ်ရေးထိုးထားသည့်
EAO အဖွဲ့များနှင့် ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် EAO အဖွဲ့များနှင့်
၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၁၅ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊
Stakeholder များနှင့် သုံးကြိမ် စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ
သိရှိရသည်။
သို့ဖြစ်၍ နိုင်ငံတော်အား
ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများနှင့်
အကြမ်းဖက်PDFအဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ
ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော် လည်းကောင်း
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာဖြေရှင်းနိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
။
No comments:
Post a Comment